ကိုယ်ရေး ရာဇ၀င် အကျဉ်း
အမည်အရင်းမှာ မင်းအောင် ဖြစ်သည်။ ၁၉၆၂ ခုနှစ် မြန်မာ သက္ကရာဇ် ၁၃၂၆ တန်ခူး လဆန်း (၁၀) ရက်တွင် ပဲခူးတိုင်း ဒိုက်ဦးမြို့ နယ်၊ နှင်းဝိ ကျေးရွာ၌ ဦးဟံသနှင့် ဒေါ်သန်းမြင့်တို့မှ မွေးဖွားသည်။ မွေးချင်း (၅) ယောက် အနက် အကြီးဆုံးသားဖြစ်သည်။ ၁၉၈၂ ခုနှစ်တွင် အခြေခံပညာ အထက်တန်း အောင်မြင်ခဲ့သည်။ ၁၉၈၆ ခုနှစ် စာပေးစာယူဖြင့် သင်္ချာဘွဲ့ ရရှိသည်။ မူလတန်းဆရာအဖြစ် အိမ်ခြေ လေးဆယ် တွဲဘက် (အ- ထ-က) ကျောင်း၌ ၀င်ရောက် လုပ်ကိုင်ခဲ့သည်။ ရှစ်လေးလုံး လူထုအုံကြွမှုကြီးတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပြီး၊ ၁၉၈၈ ခုနှစ်တွင် ပအိုဝ်း တော်လှန်ရေး နယ်မြေသို့ ရောက်ရှိခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် KNU နယ်မြေ (မကဒတ) ဗဟို၌ တပ်ရင်း (၆၀၁) ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး၊ (မကဒတ) ဒုတိယ အကြိမ် ညီလာခံကို ညီလာခံ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ သည်။ တပ်ရင်း (၆၀၁)တွင် ပြန်၍ ၁၉၉၀ ခုနှစ်မှ ၁၉၉၁ ခုနှစ်ထိ တပ်ခွဲမှူး တာဝန်၊ ၁၉၉၁ ခုနှစ်မှ ၁၉၉၅ ခုနှစ်ထိ တပ်ရင်းမှူး တာဝန်ကို ထမ်းဆောင်ခဲ့သည်။ တော်လှန်ရေး နယ်မြေ စာစောင် အသီးသီးတွင် တိုက်မောင်း၊ ရဲထိန်၊ ဒီရဲ၊ ဗိုလ်တိုက်၊ ကေးကေးဇံ စသည့် ကလောင်အမည်များဖြင့် ကဗျာများ ရေးသားခဲ့သည်။ ၁၉၉၅ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် တော်လှန်ရေး နယ်မြေ တနေရာ၌ ကျဆုံးခဲ့သည်။ငုရင်ပြင်
မိုးပွင့်တွေမလှုံခင်
ငုံနေတဲ့ ငုတို့ရေ
တမြေခြားမှာ
ငါ ... မင်းတို့ကိုလွမ်းလှပြီကွယ်။
တက္ကသီလာသားတို့ရဲ့
ပျော်ရင်တဲ့နေများ
မင်းအနားက ဖြတ်သွားတော့ ... ...
စိန်ပန်း
ရေတမာ
ဂန့်ကော်
အဓိပတိ
သစ်ပုတ်
ငုတ်တုတ်ထိုင်ခြင်္သေ့ရဲ့ကွန်ဗို့
လွမ်းမို့မို့ ဂျက်ဆင်နဲ့ သူ့ရှေ့ကမြက်ခင်း
သတင်းကြီးသူတို့နဲ့ ခတ်လှမ်းလှမ်း
လမ်း ပလက်ဖောင်းရဲ့ဝန်းခြံကြားမှာ
မင်းတို့ဟာ... ...။
မိခင်ကျောင်းတော်ကြီးကမြေ
စကားပွင့်တွေကြွေကျ
လှပတဲ့ကဗျာတပုဒ်ဖြစ်သွားသတဲ့။
မင်းတို့ရဲ့ပွင့်ဖတ်များ
လမ်းသွားသူတို့ရဲ့ခြေအောက်မှာ
ကဗျာမဖြစ်ချင်နေပါစေ
အကြွေမစောစေချင်ဘူးကွယ်။
ဘ၀နာသူချင်း - မင်းတို့နဲ့ငါ
ရင်းနှီးခဲ့ကြ - ကြာလှပေါ့။
စီးပွားရေးတက္ကသိုလ်ဘေး
မာလာဆောင်လေးရဲ့ ခြံစည်းရိုးတလျှောက်
ငုပျောက်တွေနဲ့ပလက်ဖေါင်းမှာ
ငါဟာ... ...။
မင်းတို့ လေးတွေ ကြွေကျနေတဲ့
ရေစက်ရှေ့က ရေခဲဆိုင်
ကျောက်ကျောထိုင်သောက်ရင်း
သူငယ်ချင်းတွေကို
ငုငယ်လေးတွေရဲ့အလှအကြောင်း
ပါးဖေါင်းအောင်ပြောခဲ့ဘူးတယ်။
ဂန့်ဂေါ်ရွာရဲ့ အလှအပအကြား
ပျော်ရွှင်မှုတွေကြား
အောင်မြင်မှုတွေကြား
ကျဆုံးမှုတွေကြား
ကြီးမြတ်မှုတွေကြား
... ... ...ကြား
ကိုယ်တိုင်လှုပ်ရှားခွင့်မရှိပေမယ့်
ဝမ်းနည်းမနေခဲ့
မင်းနှလုံးသားရဲ့ရင်းနှီးမှု
ငါ အသိအမှတ်ပြုပါတယ်။
ဇူလိုင်လရဲ့ ရက်တခု
အမှန်တရားလုပွဲ
ကျဆုံးရဲတဲ့ အာဇာနည်တွေအတွက်
မျက်ရည်စက် ပထမဆုံးကျသူ
ဘယ်သူလဲလို့မေးခဲ့ရင်?
မိုးရဲရဲအောက်က ငုပင်
ရင်ထဲကမျက်ရေ (ရည်)
သူ့အပွင့်တွေချွေချခဲ့ကြောင်း
ငါကောင်းကောင်းပြောလိုက်ပါ့မယ်။
“... ... ဒို့အရေး ဒို့အရေးæ”
“... ... ဒီမိုကရေစီပေးပါ”
ကမ္ဘာသိအရေးတော်ပုံ
လူထုအုံကြွ
ပြည်လမ်းမပေါ်က လူသတ်မှု
သွေးစွန်းနေတဲ့ဖိနပ်တခု
သူ့အောက်မှာ ငုပွင့်ကြွေတွေ
သူ့အထက်မှာ ငုပွင့်ကြွေ
တက္ကသိုလ်မြေ ပလက်ဖေါင်းမှာ... ...။
သွေးစွန်းနေတဲ့ ဖိနပ်တဖက်
ပိုင်ရှင်လက် ပြန်မရောင်နိုင်တော့ကြောင်း၊
ပလက်ဖေါင်းဘေးနား
ဆောင့်ကြွားကြွား စစ်ဖိနပ်တွေအကြောင်း၊
သွေးပွင့် ယှက်စီ
တံတားနီအကြောင်း၊
ရင်ပွင့်ခေါင်းကွဲ
အင်းယားထဲက အလောင်းတွေအကြောင်း၊
သာသနာ့အလံ
ခွပ်ဒေါင်းအလံ
မိုးရံလွှင့်ထူ
ပြည်သူကို ဦးဆောင်ခဲ့ကြောင်း၊
သင်္ဃန်းဝါ၀ါများနဲ့
သူတို့ရဲ့ပိုင်ရှင်များ
ဆွမ်းမစား
ကွမ်းမစား
တပ်ဖျားက ချီတက်ခဲ့ကြောင်း၊
ကားကြီး ကားငယ်တွေနဲ့
ပစ်ခတ်သယ်ဆောင်သွားတဲ့ ခွပ်ဒေါင်းများ
ခွေးစားခံရကြောင်း၊
ရက်စက်သူတွေရဲ့ ရာဇ၀င်
ပြင်မရကြောင်း၊
ဘက်နက်နဲ့သေနတ်
အာဏာတရပ်မဟုတ်ကြောင်း၊
ပြန်ပြောင်းသက်သေ
မင်းရှိနေတယ်ပေါ့ - ငုငယ်။
ငါတို့ရဲ့ စကားလုံးတွေဟာ
ဗမာပြည်ကြီးပေါ်က ကောင်းကင်ပြာကြီးကို ဖြိုချ
ချောက်ထဲ ဆွဲပို့ခဲ့ကြရင်း
အပြာရောင်ကျိုးပဲ့ခြင်းကို ခံစားခဲ့ကြတယ်။
မင်းလည်းဒို့နဲ့အတူခံစား
ငုပွင့်များတောင်ခြွေလို့
ဒီတခါ ပျော်လို့ငိုတာလားဟင် ?
ဆိုရှယ်လစ်သက်ဦးဆံပိုင်
သံတိုင်အိမ်ဆောက်သော်လည်း
အုတ်ခံမကောင်း
သဲမကောင်း
မြေမှုန့်ထောင်းထားတဲ့ ဘိလပ်မြေကြောင့်
မတောင့်ခိုင်ခဲ့တာ မင်းအသိပါငုငယ်။
ဖာထေးရာဗလပွနဲ့ ဗမာပြည်ကို
ငွေချည်ထိုး ပုဆိုးလေးဝတ်
ရွှေချည်ထိုး အင်္ကျီလေးဆင်
ပြင်လိုက်မဟဲ့
တင်လိုက်မဟဲ့
ဒေါင်းအစွမ်းနဲ့
အကောင်းတန်းစားလေး ဖြစ်စေမဟဲ့လို့ ကြုံဝါး။
ပျော်ပါးကြ
မော်ကြွားကြ
အားရ၀မ်းမြောက်ဆဲ
စခန်းထောက်ဆဲ... ...။
မဲပြာပုဆိုးရဲ့အရောင်
ဗမာပြည်အမှောင်တိုက်
စစ်ကြိုက်သူ အာဏာရူးတအုပ်
ဗရုတ်ဗရက်နဲ့ အာဏာသိမ်း
“တိုင်းပြည်ကြီးတိမ်းမှောက်
ချောက်ထဲကျဖို့ လက်တလုံးလောက်အလိုမှာ”တဲ့
“... ...ကယ်တင်ရှင်ပါ”တဲ့။
ငါတို့ရဲ့ပန်းတိုင်
ဆုပ်ကိုင်လက်ရနိုင်ရေး
ရွေးစရားတလမ်းထဲ
သေနတ်ဆွဲတော်လှန်ကြတော့မယ်။
အဲဒီရက်က
ပြည်လမ်းမကအထွက်
“နှုတ်ဆက်ခဲ့ပါတယ် ငုငယ်”
“အောင်ပွဲရမှပြန်ဆုံမယ်”ဆိုတဲ့စကား
မေ့မသွားပါနဲ့ကွယ်။
အခုတော့
တောင်မော့မော့ကြီးတွေကြား
ဝါးရုံတောကြား
မျိုးချစ်တော်လှန်ရေးသမားများကြား
ပျော်ပါးလို့ပညာသင်
စစ်မြေပြင်သင်္ခန်းစာ... ...။
စက်ပစ်ကွင်းမှာ...
လေ့ကျင့်ကွင်းမှာ...
“... ...ကျား...”
“...ဘာလုပ်နေလဲæ”
“... ... ...”
အမိန့်ပေးသံ
လှုပ်ရှားသံ
ကာရံမဲ့ကဗျာများ
ညများ
သေနတ်များ
ယူနီဖေါင်းများ
ဗမာပြည်သားသီချင်းဟာ
ငါတို့အတွက်ပဲလို့ ကောက်ချက်ချနိုင်ပြီ။
သွားလေသူ ဖခင်ဗိုလ်ချုပ်ဟာ
အလုပ်ရှုပ်နေတဲ့ တို့အနား
မကြာခဏဆိုသလို လာတယ်။
အားပေးတယ်။
ဆွေးနွေးတယ်။
စာအုပ်တွေထဲက သူရဲကောင်းများ
ငါတို့အနားကို ခုန်ထွက်လာကြပြီ
ခရီးရှည်တော်လှန်ရေး
အသိနှစ်မျိုး
အဆိုးနဲ့အကောင်း
အပြောင်းအလဲနဲ့ တည်ငြိမ်မှု
ပြုစုသူနဲ့ ဖျက်ဆီးသူ
လူတွေခွဲ
မူတွေခွဲ
လုပ်ရဲသူတို့ရဲ့လမ်းစဉ်
လက်တွေ့နဲ့ ပြင်ကြဖို့ ပြောလာတယ်။
မြူငွေ့ဝေတောတန်းဟာ
မျက်စေ့မှာစိမ်းလန်း
မောပန်းမှုတို့ရဲ့ခိုနားရာပမာ
တကယ့်တကယ်မှာတော့
သေနတ်ကိုင်ကြတဲ့ တို့အတွက်
တောစရိုက်ဟာ
ကျောမရိုက်ပဲ
အမောဆိုက်လောက်အောင် ပင်ပန်တယ်။
တော်လှန်ရေးနဲ့ ကုလားပဲ
တွဲဖက်ချီတက်
အလုပ်လုပ်မယ့် လူတွေရဲ့လက်ကိုအားဖြည့်တယ်။
ငှက်ပျောအူ
ငါးပိ
ပဲ
ဇွဲကောင်းသူတွေရဲ့ အဟာရ
ဗီတာမင်မငှ
ပရိုတိန်းမကြွ
ရလာတဲ့စိတ်ဓါတ်ကတော့... ...။
မီးပြတ်အရက်ထက်ပြင်း
ရင်တွင်းမှာဆူတက်
“အသက်အကြွေးပြန်တောင်းရမယ်”
“လူထုကိုကယ်ရမယ်”
“တိုင်းပြည်ကိုကယ်ရမယ်”
“ဒီမိုကရေစီကိုဆယ်ယူကြမယ်”တဲ့။
ရိုးရိုးဖျား
မလေးရီးယား
အသားဝါ
ယားနာ
တခါတခါ အားလုံးစုဖြစ်
စစ်တလင်းမရောင်ခင်
ရောဂါနဲ့အရင်တိုက်နေရတယ်။
နာမကျန်းတဲ့အခါ
ငါတို့အားလုံး
ဆန်ပြုတ်နဲ့နပန်းလုံးရတယ်။
အဟာရမပေါတဲ့
ရောဂါစုံတောကိုဖြတ်သန်း
လူနွမ်းပြီးကိုယ်ပိန်သွားပေမယ့်
စိန်စားရင်တောင် မသေတတ်တဲ့စိတ်ဓါတ်
ဒီကြီးမြတ်မှုကို ဂုဏ်ယူပါ - ငုငယ်။
ခြေထောက်ပေါက်မှာ ကြောက်သူ
ဗွက်ထူထူကြောက်သူ
ခြင်ကြောက်သူ
... ...ကြောင်သူ
နားရွက်ပျောက်သူ
မျက်စိပျောက်သူ
ဦးနှောက်ပျောက်သူ
... ...ပျောက်သူ
လမ်းမလျှောက်တတ်သူများ
သွေးကြောင်ကာ ဘေးရှောင်သွားပေမယ့်။
စိတ်ဓါတ်အဟုန်ဟာ
အတိတ်မှာ ကြုံရတဲ့ ဇာတ်လမ်းအတွက်
အမျက်မပြေ
ဥဒါန်းမကြေနိုင်သူများကတော့... ...။
ကျောက်ခဲတော
သစ်ရွက်တော
ကုန်းလျှောလျှော မြေမာမာ
အိမ်ယာမဟုတ်အိပ်ယာလုပ်
ကျည်ဆံထုပ်တွေ ခါးမှာပတ်
မောင်းပြန်သေနတ်တလက်
ရေဗူးတလုံး
ကျောပိုးအိတ်တခု
ပြည်သူကိုအလုပ်ကြွေးပြုနေပြီ။
အေဘီအက်စ်ဒီအက်ဖ်(ABSDF )
လက်နက်ကိုင်ကျောင်းသားတပ်ဦး
စစ်ဘီလူးကို အသေသတ်နေပြီ။
လက်နက်ကြီးကျည်
လက်နက်ကလေးကျည်
သေမင်းဆီသွားမယ့်လမ်းမှာ
ကြီးမြတ်မှုပန်းတံတားကိုခင်း
ရဲရင့်ခြင်းတံခွန်ကိုထူလို့
ခွပ်ဒေါင်းဝါ၀ါတို့လာကြပြီ။
ငါတို့ရဲ့နောင်တော်များ
လူမျိုးစုတော်လှန်ရေးသားချင်းတွေနဲ့
မှန်ကန်တဲ့ရည်ရွယ်ချက်
ပြည့်စုံတဲ့တောင်းဆိုမှု
မြင့်မြတ်တဲ့ ပန်းတိုင် တခုဆီကို...။
သေဆုံးမှုရဲ့ထိပ်ဖျားမှာ
ငါတို့ - ရပ်ရဲတယ်။
ချေမှုန်မှုရှဲု့ထိပ်ဖျားကို
ငါတို့ - အလုအယက်တက်နေကြတယ်။
သားရေအဖုံးကြားက
ရွှေစာလုံးအလှအပ - အဆန်းတကြယ်
ကဗျည်းကျမ်းကြီးတွေပါ - ငုငယ်။
အုတ်ချပ်ထူ ကျောက်တိုင်စိုက်ပေမယ့်
ဦးခိုက်သူမရှိတဲ့ ဗိဗ္မာန်မှာ
ငါတို့ကိုယ် ငါတို့ မမြုပ်နှံလိုဘူးလေ။
အညတြသားကောင်းတို့ရဲ့မှတ်တမ်း
လမ်းဘေးက မြေပုံနဲ့
မီးသွေးခဲနဲ့ ကဗျည်းဟာ
နှလုံးသားထဲမှာ သွေးနဲ့ရေး
အလေးနီတို့ရဲ့ ထာဝရဂုဏ်ပြုခံပါ - ငုငယ်။
ဒါပေမယ့် ငုငယ်
ဟိုဖက်က စစ်ပြင်
ဒီဖက်က စစ်ပြင်
ဘယ်သူ့ငွေတွေ ထင်သလဲ
ပြည်သူ့ငွေပဲပေါ့ကွယ်။
ဘက်နှစ်ဖက်ရဲ့လွန်ပွဲ
ပြည်သူမွဲမယ့်အလုပ်ကိုလုပ်
ငြိမ်းချမ်းရေးကို အရုပ်ကြီးလိုသဘောထား
တဟားဟား - တဟိဟိနဲ့ အာဏာရှင်
ငါတို့သုတ်သင်မှဖြစ်မယ် - ငုငယ်။
အောင်ပွဲအတွက်ဆိုရင်
တို့လက်တွေ သွေးစွန်းချင်စွန်းမယ်
အသဲနှလုံးကတော့
အမြဲဖြူနေတယ်။
ယိုနေတဲ့သွေးစက်တွေပိတ်ဖို့
ငိုနေတဲ့မျက်ရည်တွေတိတ်ဖို့
အုတ်နံရံညိုညိုကြီးတွေကိုဖြိုဖို့ ဆိုရင်...
စိမ်းလန်းရေးမျိုးခဲများ
ပျိုးကြဲသွားကြမှာပါ -ငုငယ်။
တကယ်လို့များ
မြေကြီးနဲ့စကားပြော
ယမ်းငွေ့တသောသော ကြားက ၀ိညာဉ်
ငါ့ဗိဗ္မာန်ထဲ ၀င်သွားပြီဆိုရင်တော့... ...
ဝါသော့သော့ မင်းပွင့်ဖတ်တွေ
ဗမာပြေ(ပြည်)က ခေါင်းလောင်တွေကို ထိုး
သာဓုခေါ်ဖို့ နှိုးဆော်လိုက်ပါကွယ်။
အကယ်၍များ
ခွပ်ဒေါင်းတို့ရဲ့အောင်ပွဲ
ငါရှိဆဲအနာဂါတ်ဆိုရင်တော့
မင်းရင်ပြင်ထဲအရောက် ငါလာခဲ့ပါ့မယ်။
ပြီးတော့မှ
(၂၁)ရာစုနားက ကျောင်းသားတွေအကြောင်း
တို့နှစ်ယောက်ပေါင်းပြီး
ကောင်းချီးပေးကြတာပေါ့ကွယ်။
(ငုဝါကြွေသော အမှတ်တရမိုးနေ့များသို့)
တိုက်မောင်း (၉ - ၇ - ၁၉၈၉)
မဲဆောက်
(ရင်ထဲကို လာမှန်တဲ့ ကဗျာတပုဒ်အဖြစ် ပီတိတွေ ဖြစ်လာရတယ်)
ငုရင်ပြင်










