ဆောင်းပါး လွှတ်တော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားရုံး ထိပ်တိုက် ပြသနာအပေါ် သုံးသပ်ချက်

လွှတ်တော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားရုံး ထိပ်တိုက် ပြသနာအပေါ် သုံးသပ်ချက်

User Rating: / 0
PoorBest 

(၁) ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က ဖွဲ့စည်းပေးလိုက်သည့် ကော်မတီနှင့် ကော်မရှင်များတွင် လွှတ်တော်ကိုယ်စားလှယ် များဖြင့်သာ ပါဝင်ဖွဲ့စည်းပါက ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရပင် ပြည်ထောင်စု အဆင့် သတ်မှတ်ရမည်ဖြစ်သည်။ သို့ရာတွင် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများပါ ပါဝင်ဖွဲ့စည်းထားသော ကော်မတီ နှင့် ကော်မရှင်များဖြစ်လျှင်မူ ယင်းတို့ကို ပြည်ထောင်စုအဆင့် မသတ်မှတ်နိုင်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ဆုံးဖြတ် ခဲ့ပါက ယင်းဆုံးဖြတ်ချက်ကို လက်ခံရမည်သာ ဖြစ်သည်။

(၂) လွှတ်တော်သို့ ပြန်ကြားသည့် သမတ ဦးသိန်းစိန်၏ ၂၀၁၂ ခုနှစ် သြဂုတ်လ (၂၀) ရက်နေ့ပါစာအရ ရှေ့နေချုပ် ရုံးက တင်သွင်းခဲ့၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ဆုံးဖြတ်ခဲ့ပြီးဖြစ်သဖြင့် ပြန်လည်ရုပ်သိမ်းရန် မဖြစ်နိုင် တော့ ဟူသောအချက်သည် သဘာဝကျသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးမှာ အမြင့်ဆုံးတရားရုံး ဖြစ်နေသဖြင့် မိမိဆုံးဖြတ်ထားသည်ကို မိမိပြန်ပြင်ရမည်ဆိုလျှင် တရားရုံးဟူ၍ပင် ခေါ်၍မရနိုင်ပါ။ တချိန်တည်းတွင် ခွဲခွဲခြား ခြား မစဉ်းစားခဲ လွှတ် တော်ကိုယ်စားလှယ်များ သက်သက်ဖြင့် ဖွဲ့စည်းထားလျှင်ပင် ပြည်ထောင်စု အဆင့်မသတ်နိုင် ဟု တရားရုံးက ဆုံးဖြတ်ခဲ့ပါက ယင်းမှာလည်း လွဲချော်နေပြန်ပါသည်။


(၃) ယနေ့ သြဂုတ်လ (၂၁) ရက်နေ့နံက် ဘီဘီစီ အင်တာဗျူးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့် အောင် ဖြေကြားသွားသည်တို့ အနက် အောက်ပါ နှစ်ချက်မှာ လက်ခံနိုင်ဘွယ်မရှိပါ။


(က) သမတ ဦးသိန်းစိန် အဆိုပြုသည့် ဖွဲ့စည်းပုံပြင်ရေးကို လက်မခံနိုင်ရခြင်းမှာ လွှတ်တော်ဘက်က အားနည်းချက် ဖြစ်သွားမည်ကို မလိုလား၊ ၄င်းတို့ဘက်က အမှန်ဟု ယူဆသည်။


(ခ) ဦးသိန်းစိန် ခန့်ထားသည့် အစိုးရ ၀န်ကြီးအဖွဲ့ဝင်များတွင် ရွေးချယ်တင်မြှောက်ခံထားရသူများ မပါဝင်သော်လည်း လွှတ်တော်က ၄င်းတို့အား ပြည်ထောင်စု အဆင့်သတ်မှတ်သည်။


လွှတ်တော်က ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်များတွင် ရွေးချယ်တင်မြှောက်ခံထားရသူများ မပါဝင်သော်လည်း အစိုးရ က ၄င်းတို့အား ပြည်ထောင်စု အဆင့် သတ်မှတ်လက်ခံရမည် ဖြစ်သည်။


ဦးဘုန်းမြင့်အောင် ၏ အထက်ပါ တင်ပြချက် နှစ်ချက်အပေါ် အောက်ပါအတိုင်းသုံးသပ်သည်။


(က) လွှတ်တော်ဘက်က အားနည်းချက် ဖြစ်ခြင်း မဖြစ်ခြင်း မှာ အဓိက မဟုတ်ပါ။ State Institutions ဟုခေါ်သည့် တိုင်းပြည် တည်ဆောက်မှု အဆောက်အအုံတစုံလုံး ပုံမှန်လည်ပတ်ရေး


အခြေခံကသာ ကြည့်ရန်လိုပါသည်။ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများပါ ပါဝင်ဖွဲ့စည်းထားသော ကော်မတီ နှင့် ကော်မရှင်များ အား ပြည်ထောင်စု အဆင့် အဖြစ် အတင်းအကြပ်သတ်မှတ်ခိုင်းခြင်းမှာ မမှန်ပါ။


သူရဦးရွှေမန်း၏ သား တိုးနိုင်မန်း ဆိုသူမှာ လွှတ်တော်ကိုယ်စားလှယ် မဟုတ်ပါဘဲလျှက် လွှတ်တော်က ဖွဲ့ပေးသည့် ကော်မရှင်တခုထဲတွင် ပါနေသည် ဟူသော စွပ်စွဲချက် ထွက်ပေါ်လျှက်ရှိသည်။ ယင်းကိုဟုတ်မဟုတ် စီစစ်သင့်ပါသည်။


(ခ) Presidential System ဟုခေါ်သည့် သမတ စနစ်ကို ကျင့်သုံးသည့် နိုင်ငံများတွင် လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများအား အစိုးရအဖွဲ့ ၀င်များအနေဖြင့် ခန့်ခွင့်ရှိသည်။ ယင်းကို တကမ္ဘာလုံးတွင် ကျင့်သုံး လျှက် ရှိသည်။ ဤစနစ်ကို မကြိုက်လျှင် ၀န်ကြီးချုပ်ဦးဆောင်သည့် ပါလီမန်စနစ်ကို ပြောင်းရပါမည်။ ယင်းတွင်အစိုးရ အဖွဲ့ဝင်များ အားလုံးသည် လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ရပါမည်။


သမတစံနစ်ကို လက်ခံကျင့်သုံးလျှင်မူ လွှတ်တော်အား သမတဦးဆောင်သည့် အစိုးရဖွဲ့စည်းပုံနှင့် တထပ်တည်း စဉ်းစား၍မရပါ။ လွှတ်တော် က ဖွဲ့ပေးလိုက်သည့် ရိုးရိုးကော်မတီ နှင့် ကော်မရှင်များတွင် လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများ ပါဝင်ခြင်းမှာ ပြသနာမဟုတ်ပါ။ သို့ရာ တွင် လွှတ်တော်က ဖွဲ့စည်းပေးလိုက်ပြီး ပြည် ထောင်စု အဆင့် ရှိစေလိုသည့် ကော်မတီ နှင့် ကော်မရှင်များတွင် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများအား ပါဝင်စေလျှင်မူ ဖေါင်းပွပြီး တိုင်းပြည်အတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်သွားပါမည်။ မလိုလားအပ်သော ပြသနာများ တောက် လျှောက် ပေါ်နိုင်ပါသည်။



(၄) ဤ အကြပ်အတည်းကို ကျော်လွှားရန်မှာ တနည်းသာရှိသည်။ ယင်းမှာ သမတ ဦးသိန်းစိန် အကြံပေးသည့်အတိုင်း ဖွဲ့စည်းပုံကို ပြင်လိုက်ရန်ဖြစ်သည်။ စင်စစ်အားဖြင့်မူ ဦးသိန်းစိန်အနေဖြင့်လည်း ဖွဲ့စည်းပုံကို


ပြင်ခြင်လွန်းလှလို့တော့ ဟုတ်ပုံမရပါ။ အခြားထွက်ပေါက်ရှာ၍ မတွေ့သဖြင့်သာ ဖြစ်ပုံရသည်။ အရင်းခံပြသနာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင် ရာ တရားရုံးတရားသူကြီးများအပေါ် အယုံအကြည်  နည်းကြသည့်


နောက်ခံဖြစ်သည်။   အဘယ်ကြောင့် ဆိုသော် သမတ ဦးသိန်းစိန် စိတ်ကြိုက် ခန့်ခဲ့သည့် ပုဂ္ဂိုလ်များဖြစ်နေသည်။ ၄င်းတို့အား ဦးသိန်းစိန်က စဉ်းစားခဲ့ရာ၌ အဂတိ တရားလေးပါးဖြစ်သော ဆန္ဒာ၊ ဒေါသ၊ ဘယာ၊ မောဟ ကင်းစွာ လွတ်လပ်၊ ဘက်မလိုက်ဘဲ ထက်မြက်ရဲတင်းစွာ ဆုံးဖြတ်လုပ်ကိုင်မည့် ပုဂ္ဂိုလ်များအဖြစ် ရွေးချယ်ခဲ့ခြင်း မဟုတ်ကြောင်း ၄င်း၏ စာအရ ထင်ရှားနေသည်။ အမျိုးသား ညီလာခံတွင် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသူများ ဖြစ်၍ ရွေးချယ်ခဲ့ခြင်းဟူသည်မှာ နိုင်ငံရေးအရ စဉ်းစားခြင်း ဖြစ်သည်။ ခိုင်းတာလုပ်မည့် ပုဂ္ဂိုလ်များ အဖြစ် ယုံကြည်၍ ခန့်ခဲ့ခြင်း ဖြစ်သည်မှာ ထင်ရှားနေသည်။ ဤသည်ကို လုံးဝ လက်မခံသင့်ပါ။


ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ တရားရုံး၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကြခြင်းမှာ ဤ အခြေခံကြောင့် ဖြစ်သည်။ ဤ အခြေခံကို အမြန်ဆုံးပြန်ပြင်ပြီးမှသာ အမြင့်ဆုံးတရားရုံးများ၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာသည့် အစဉ်အလာကောင်းအား မြန်မာနိုင်ငံတွင် စတင် ထူထောင်နိုင်ပါမည်။



(၅) ၂၀၀၈ ဖွဲ့စည်းပုံကို စတင်ပြင်ဆင်ရန်မှာ ယခုအချိန်ကောင်းဖြစ်သည်။ အခန်း (၆) တရားစီရင်ရေးနှင့် စပ်လျှဉ်း သော ကဏ္ဍတစုံလုံးကို ပြင်လိုက်ရန်ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ တရားရုံးကို သီးခြားခွဲထုတ်ထားသည့် အပြင် တရား သူကြီးများအား သမတ လုပ်သူက စိတ်ကြိုက် ခန့်ခွင့် ဖြုတ်ခွင့် ရှိသော ပြဌာန်းချက် ပါရှိနေသမျှ ကာလပတ်လုံး မည်သည့်အခါတွင်မျှ ဥပဒေစိုးမိုးရေး မရှိနိုင်ပါ။ စစ်ဘက်ဆိုင်ရာ တရားရုံးများအား သီးခြားခွဲထုတ်ထားသည့် ပြဌာန်း ချက်ကို ဖျက်သိမ်းလိုက်ရန်လိုပါမည်။ တည်ဆဲ ၁၉၅၉ ခုနှစ် တပ်မတော်ဥပဒေကို အသက်သွင်းရန်လိုပါမည်။ လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်သော တရားစီရင်ရေး ယန္တယားကြီးပေါ်ပေါက်လာအောင် တရားသူကြီးချုပ်များ အား မည်သို့ခန့်သင့် ဖြုတ်သင့်သည်ကို လူထုထံမှ သဘောထားတောင်းခံသည့် လှုပ်ရှားမှုကြီး စတင်သင့်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စပ်လျှဉ်းသော ကိစ္စများကို စစ်အစိုး၇က


ဖွဲ့စည်းပေးထားသော လွှတ်တော် ကွက်ကွက် ကလေးအတွင်းမှာသာ စဉ်းစားခြင်းမျိုးမဖြစ်သင့်တော့ပါ။ လူထုများပါ ပါဝင်ပတ်သက်ခွင့်ရအောင်၊ လူထု၏ သဘော ဆန္ဒများကျယ်ကျယ်ပြန့်ပြန့်ထုတ်ဖေါ်ခွင့်ရအောင် သက်ဆိုင်ရာ နိုင်ငံရေး ပါတီများ၊ လူထုအသင်းအဖွဲ့များ၊ သတင်း ဌာနများက ကမကထ ပြုကြမည်ဆိုလျှင် စစ်မှန်သော ဥပဒေစိုးမိုးရေး အတွက် အထောက်အကူဖြစ်ပါမည်။



(၆) ဖွဲ့စည်းပုံကို ပြင်ပြီးနောက် တရားသူကြီးများအား အစမှအဆုံး အသစ်ပြန်ခန့်နိုင်သည်။ ပြည်ထောင်စု အဆင့် သတ်မှတ်ရေး ကိစ္စအားလည်း အတိအကျ ထည့်သွင်းပြဌာန်းနိုင်သည်။ သို့မဟုတ်ပါက ဒေါ်အောင်စုကြည် ဦးဆောင် သော ကော်မတီသည်ပင် ပြည်ထောင်စု အဆင့်မရှိတော့ပြီမှာ သေချာသည်။ ပြည်ထောင်စု အဆင့်မရှိလျှင် တိုင်း နှင့် ပြည်နယ် အဆင့်သာ ရှိပါမည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်သို့ပင် နှိမ့်ချစွာ ခေါင်းငုံ့ဝင်ရောက်ပါလျှက် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကမ္ဘာသိ လူထုခေါင်းဆောင်မျိုးကို တိုင်းနှင့် ပြည်နယ် အဆင့်လောက်မှာသာ အလုပ်ပေး ထားခြင်းမျိုးမဖြစ်သင့်ပါ။ စစ်အာဏာရှင်များ၏ ဖွဲ့စည်းပုံဆိုင်ရာ လှည့်ကွက်များကို ဖေါ်ထုတ် ဆန့်ကျင်လှုပ်ရှား သင့်ကြပါသည်။



အောင်ထူး (ရှေ့နေ)


၂၀၁၂ ခုနှစ် သြဂုတ်လ (၂၁) ရက်

 

 

 

 
Share on facebook
သူလို သတ္တိ ရှိရှိ ရင်ဆိုင်ပါ
You need Flash player 6+ and JavaScript enabled to view this video.
mod_vvisit_counterယနေ့ လည်ပတ်သူဦးရေ171
mod_vvisit_counterမနေ့က လည်ပတ်သူဦးရေ513
mod_vvisit_counterယခုလ လည်ပတ်သူဦးရေ10837
mod_vvisit_counterစုစုပေါင်း531361

We have: 5 guests, 3 bots online
Today: May 20, 2013