ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း(၂)၊ အပိုင်း(၃)
နိုင်ငံရေးကို မာစီယာဗယ်လီက ရှုမြင်သုံးသပ်ပုံ
အရစ္စတိုတယ် တင်ပြခဲ့သော သဘောတရားနှင့် ခြားနားစွာဖြင့် နိုင်ငံရေးကို အခြားရှုထောင့်တစ်ခုမှ တင်ပြသော သဘောတရားတစ်ရပ် ရှိသေးသည်။ အနောက်တိုင်းတွင် အီတလီ လူမျိုးတွေးခေါ်ပညာရှင် နီကိုလို မာခီယာဗယ်လီ (Nicolo Machiavelli ၊ ၁၉၆၉-၁၅၂၇ အေဒီ) နှင့် အဓိက ဆက်နွယ်ပတ်သက်၍ လူသိ များသော အယူအဆတစ်ရပ်မှာ နိုင်ငံရေ ဟူသည် အာဏာရရှိရေးအတွက် အကျင့်သိက္ခာကင်းမဲ့စွာဖြင့် အစဉ်တစိုက် ကြိုးပမ်းအားထုတ်နေမှုသာဖြစ်သည် ဆိုသည့် အယူအဆဖြစ်သည်။ မာခီယာဗယ်လီ၏ အကျော်ကြား ဆုံးစာအုပ်ဖြစ်သည့် “အိမ်ရှေ့မင်းသား” (The Prince) တွင် ဖော်ပြထားသည်မှာ “နိုင်ငံခေါင်းဆောင်များသည် အကျင့်သိက္ခာ ကင်းမဲ့စွာဖြင့် မိမိတို့၏ အကျိုးစီးပွားနှင့် မိမိတို့၏ ခေါင်းဆောင်ရာ နိုင်ငံတော်၏ အကျိုးစီးပွားအ တွက် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် ၀န်လေးဘဲ ရှိရမည်” ဟူ၍ ဖြစ်သည်။ နိုင်ငံရေးကို အကောင်းဖက် မှ ရှုမြင်သုံးသပ်သော အရစ္စတိုတယ်၏ အမြင်နှင့် ပြတ်ပြတ်သားသား ခြားနားလျက်ရှိသည့် မာခီယာဗယ်လီ၏ စိတ်ပျက်ဖွယ် အမြင်သည် လူ့ဘ၀နှင့် လူ့အသိုက် အ၀န်းကို မကောင်းသောဖက်မှ ရှုမြင်သုံးသပ်ခြင်း၏ ရလဒ် ဖြစ်သည်။ ထို့အပြင် သူ၏လောကအမြင်သည် သူဇာတိ အီတလီနိုင်ငံတွင် ၁၅ ရာစုနှင် ၁၆ ရာစုနှစ်များအတွင်း တည်ရှိ ခဲ့သည့် ကြမ်းတမ်းဖောက်ပြန်သော နိုင်ငံရေးတို့မှ အခြေတည် ပေါက်ဖွားလာခြင်း ဖြစ်သည်။
“တိုက်ပွဲဝင်ရာတွင် ဥပဒေနှင့်အညီ တိုက်ပွဲဝင်ခြင်းနှင့်၊ အင်အားသုံး၍ တိုက်ပွဲဝင်ခြင်း ဟူ၍ နည်းလမ်း နှစ်ရပ်ရှိကြောင်း သိထားသင့်ပါသည်။ ပထမနည်းလမ်းသည် လူသားတို့၏ နည်းလမ်းဖြစ်၍ ဒုတိယနည်းလမ်း သည် သားရဲတိရစ္ဆာန်တို့၏ နည်းလမ်းဖြစ်ပါသည်။ ပထမနည်းလမ်းသည် ရံဖန်ရံခါ ထိရောက်မှု မရှိသော ကြောင့် ဒုတိယနည်းလမ်းကို ကျင့်သုံးရတတ်သည်။ သို့ဖြစ်ရာ အိမ်ရှေ့မင်းသား တစ်ဦးအနေဖြင့် ဤနည်းလမ်း နှစ်ရပ်ကို မည်သို့မည်ပုံ အသုံးချ၍ ရနိုင်သည်ကို ကောင်းစွာ သိရှိထားသင့်ပါသည်။ သာရဲတိရစ္ဆာန်တို့၏ နည်းလမ်းကို အသုံးချရာ၌၊ ထောင်ချောက်မိလေ့ရှိသော ခြင်္သေ့၏ သဘာဝနှင့် ၊ ၀ံပုလွေတို့၏ ရန်ကို မကာ ကွယ်တတ်သော မြေခွေး၏ သဘာဝတို့ကို သင်္ခန်းစာရယူပြီး၊ ခြသေ့င်္သကဲ့သို့ ၀ံပုလွေတို့အား ခြောက်လှန့် တတ်သောအလေ့နှင့် မြေခွေးကဲ့သို့ ထောင်ချောက်ကို မှတ်သားမိတတ်သော အလေ့တို့ကို မဖြစ်မနေ အတုယူ ရပေမည်ဟူ၍ ဖြစ်သည်။ (The Prince, Chapter 18)
တစ်နည်းအားဖြင့် မာခီယာဗယ်လီက တိုင်းပြည်အုပ်ချုပ် သူတို့သည် မြေခွေးကဲ့သို့ ကောက်ကျစ်စဉ်း လဲ၍ ခြင်္သေ့ကဲ့သို့ ရက်စက်ကြမ်းကြုတ်ရမည်ဟု ဆိုထားခြင်းဖြစ်သည်။ မှန်သောစကားကိုဆိုခြင်းနှင့် ကိုယ်ချင်း စာတရားထားတတ်ခြင်း အစရှိသော ကိုယ်ကျင့်တရားကို၊ နိုင်ငံရေးနှင့် မပတ်သက်သည့် ကိုယ်ပိုင်ဘ၀-ဥပမာ- မိတ်ဆွေဘ၀၊ မိသားစုဘ၀နှင့် ပမာဏ သေးငယ်သော လူ့အသိုက်အ၀န်း တို့တွင်သာ ထိရောက်စွာကျင့်သုံး နိုင်ဖွယ်ရှိပြီး နိုင်ငံတော်နှင့် နိုင်ငံရေးလောကအတွက်မူ ကိုယ်ကျင့်တရားအားဖြင့် ဘောင်ကန့်သတ်ရန် မလိုဟု မာခီယာဗယ်လီက ယုံကြည်ခဲ့လေသည်။ ၄င်းက “ကိုယ်ကျင့်တရား” ကို “နိုင်ငံတောအတွက် ကျိုးကြောင်းဆင် ခြေ” နှင့် ခွဲခြားရှုမြင်ခဲ့ခြင်း ဖြစ်သည်။ မာခီယာဗယ်လီ၏ နိုင်ငံရေးကို ရှုမြင်သုံးသပ်ပုံသည် ရှေးဟောင်း အိန္ဒိယ စာရေးဆရာ ကိုတီလျာ (Kautilya) က သူ၏ အာသာသျှတြ (Arthasastra) စာအုပ်တွင် ဖော်ပြထားသော ရှုမြင်သုံးသပ်ပုံနှင့် အလွန်ဆင်တူလေသည်။ ၄င်းတို့နှစ်ဦးစလုံးအတွက် နိုင်ငံရေးဘ၀ဟူသည် အာဏာနှင့် ဥစ္စာဓန အတွက် အပူတပြင်း ကြိုးပမ်းဆောင်ရွက်ခြင်းပင်ဖြစ်သည်။
ခေတ်သစ်ကမ္ဘာ၏ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင်လည်း မာခီယာဗယ်လီ၏ နိုင်ငံရေးအပေါ် ရှုမြင်သုံးသပ်ပုံနှင့် ကိုက်ညီသည်များကို မကြာခဏ တွေ့ရတတ်သည်။ နှစ်ဆယ်ရာစုခေတ်၏ နိုင်ငံတကာ ဆက်ဆံရေးများအကြောင်းကို ရေးသားကြသည့် ထင်ရှားသော စာရေးဆရာများအနက် တစ်ဦးဖြစ်သူ ဟန်းစ် မော်ဂင်သော် (Hans Morgenthau) က “အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးသည် ရှိရှိသမျှသော အခြားနိုင်ငံရေးများ ကဲ့သို့ အာဏာအတွက် ကြိုးပမ်းဆောင်ရွက်ခြင်းပင် ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေး၏ အဆုံးစွန်သော ရည်ရွယ်ချက်မှာ မည်သို့ပင်ဖြစ်စေကာမူ၊ လက်ငင်းရည်ရွယ်ချက်မှာ အာဏာရရှိရေးပင်ဖြစ်သည်” ဟု ရေးသား ဖော်ပြခဲ့လေသည်။ တိုင်း နိုင်ငံတို့သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အမြဲတစေ ယှဉ်ပြိုင်နေကြရပြီး၊ နိုင်ငံချင်းဆက် ဆံရေးကို ထိန်းညှိရာတွင် ဥပဒေနှင့် အညီဖြစ်စေ၊ စောင့်ထိန်းအပ်သော ကျင့်ဝတ်သိက္ခာနှင့် အညီဖြစ်စေ ဆောင်ရွက်နိုင်စွမ်းမရှိကြဟု မော်ဂင်သော်က ဆိုသည်။ ဤရာစုနှစ်များအတွင်း နိုင်ငံတကာဆက်ဆံရေးများ သည် ကြမ်းတမ်းပြီး သိက္ခာမဲ့ခဲ့သည်မှာလည်း အမှန်ပင်ဖြစ်၍ မော်ဂင်သော်၏ အမြင်သည် မာခီယာဗယ်လီ၏ အမြင်ကဲ့သို့ပင် မကောင်းလှသည့်တိုင်အောင် နားလည်နိုင်ဖွယ်ရာ ရှိပါသည်။
နိုင်ငံရေး၏ဆန့်ကျင်ဖက် အမှန်တရားများ
ဖော်ပြခဲ့သော အရစ္စတိုတယ်နှင် မာခီယာဗယ်လီတို့၏ နိုင်ငံရေးအပေါ် ရှုမြင်သုံးသပ်ချက် နှစ်ရပ်စလုံး သည် ယနေ့ခေတ်တွင် သုံးနှုန်းနေကြသော နိုင်ငံရေးဆိုသည့် အယူအဆအတွင်းသို့ စိမ့်ဝင် ပျံ့နှံ့လာခဲ့ပြီ ဖြစ် သည်။ တစ်နည်းဆိုရလျှင် “နိုင်ငံရေးသည် မဟာပညာရပ် သို့မဟုတ် လူသားတို့၏ဘ၀ကို အကောင်းဆုံးဖြစ် အောင် ဖန်တီးပေးသည့် ပညာရပ်ဖြစ်သည်” ဆိုသည့် အယူအဆသည် အသွင်မတူသော အခြားအမြင်တစ်ရပ် ဖြစ်သည့် “နိုင်ငံရေးဟူသည် အာဏာရရှိရေးကို ဦးတည်ချက်ထား၍ သိက္ခာမဲ့စွာ ကြိုးပမ်းဆောင်ရွက်နေခြင်း သာ ဖြစ်သည်” ဆိုသော အယူအဆနှင့် မလွှဲမရှောင်သာ ယှဉ်တွဲတည်ရှိနေရပြီ ဖြစ်သည်။ ဤနေရာတွင် အရစ္စတိုတယ်နှင့် မယခီယာဗယ်လီတို့၏ အဓိပ္ပါယ်သတ်မှတ်ချက်များကိုလိုက်၍ နိုင်ငံရေးတွင် ကွဲပြားသော ရည်မှန်းချက်ပန်းတိုင်များ ရှိကြသည် ဆိုသည့် အချက်ကိုသဘောပေါက် နိုင်ပါသည်။ အရစ္စတိုတယ်အတွက် နိုင်ငံရေး၏ပန်းတိုင်မှာ လူ့အဖွဲ့အစည်းရှိ လူသားတိုင်းအား နိုင်ငံရေးအသိုက်အ၀န်း၏ အဖွဲ့ဝင်တစ်ဦးအဖြစ် အကောင်းဆုံးသော ဘ၀တွင် နေထိုင်ခွင့်ရအောင် ဖန်တီးပေးရန်ဖြစ်သည်။ မာခီယာဗယ်လီ အတွက်မူကား နိုင်ငံရေး၏ ပန်းတိုင်မှာ အာဏာရရှိရေးပင် ဖြစ်သည်။
ခေတ်သစ် အင်္ဂလိပ်ဘာသာ စာပေတွင်လည်း နိုင်ငံရေးဆိုသည့် ဝေါဟာရ၏ အဓိပ္ပါယ်မှာ အရစ္စတို တယ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ထက် မာခီယာဗယ်လီ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်သို့ ပိုမိုတိမ်းညွှတ်လျက် ရှိနေခဲ့ပါသည်။ ဥပမာအားဖြင့် “ဒီလူဟာ နိုင်ငံရေး သပ်ဆန်တဲ့သူဘဲ” ဟု မှတ်ချက်ချခြင်းသည် ပုံမှန်အားဖြင့် ထိုသူသည် ကလိန်ကကျစ်ကျပြီး၊ သိက္ခာမဲ့ကာ လူမှုဆက်ဆံရေးကို အခွင့်ကောင်းယူတတ်သူ ဖြစ်သည်ဟု ဆိုလိုရာ ရောက်ပေသည်။ ထို့ပြင် “နိုင်ငံရေး” (Politics) ကို “အစိုးရ” (Government) နှင့် ကွဲပြားခြားနား အောင် မကြာခဏ သုံးနှုန်းလေ့ရှိသည်။ “အစိုးရ” ဆိုသည်မှာ ရှုတ်ထွေးပွေလီမှုနည်းပါးပြီး နိုင်ငံတစ်နိုင်ငံကို ဦဆောင်ရန် သို့မဟုတ် စီမံခန့်ခွဲရန် ဖြစ်သည့်အသွင် ရည်ညွှန်းကြသည်။ ထိုမျှသာမက “နိုင်ငံရေးသမားများ” (Politicians) ကိုလည်း “အရည်အချင်းပြည့်ဝသော (အုပ်ချုပ်ရေး-နိုင်ငံရေး) ခေါင်းဆောင်များ” (Statesmen) နှင့် ကွဲပြားအောင် ခွဲခြားသုံးနှုန်းလေ့ရှိသည်။ ခေါင်းဆောင်များ (Statesmen) သည် နိုင်ငံရေးသမားများ (Politiciean) ထက်ပို၍ ရိုးသားဖြောင့်မတ်ပြီး လေးစားဖွယ် ရှိသည့်အသွင် ထင်မြင်ကြလေ့ရှိသည်။ ဂိုဏ်ခေါင်း ဆောင်များက အပေးအယူ ပြုလုပ်နေကြသည့်၊ ဆေးလိပ်မီးခိုးငွေ့များ မွှန်ထူနေသော အခန်းတွင်၌သာ နိုင်ငံ ရေးတို့ လှုပ်ရှားတည်ရှိနေသယောင် နိုင်ငံရေးကို ခြစားမှုအသွင်ဖြင့် မကြာခဏ အထင်ခံရသည်လည်း ရှိသည်။ (ငွေးကြေး၊ နိုင်ငံရေး” ဟူ၍သာရှိပြီး “ငွေကြေးအစိုးရ” ဟူ၍ အသုံးအနှုန်း မရှိသကဲ့သို့ ဖြစ်သည်) သို့သော် မသန့်ရှင်းသောနိုင်ငံရေးနှင့် သန့်ရှင်းသော (သို့မဟုတ်) ဆင်ခြင်တုံ တရားရှိသော အစိုးရတို့အကြားခြားနား ချက်၊ သို့တည်းမဟုတ် အကျင့်ပျက်သော နိုင်ငံရေးသမားများ (Politicians) နှင့် ဖြောင့်မတ်သော ခေါင်းဆောင် များ (Statesmen) တို့အကြား ခြားနားချက်တို့သည် စင်စစ်အားဖြင့် အရေးမကြီးလှပေ။
အမှတ်တကယ်အရေးကြီးသည်မှာ မည်သူမဆို နိုင်ငံရေးနယ်ပယ်အတွင်းသို့ ၀င်ရောက်လာပြီး ဆိသည်နှင့် နိုင်ငံရေးနှင့် ပတ်သက်၍ အရစ္စတိုတယ်နှင့် မာခီယာဗယ်လီတို့၏ ဆန့်ကျင်ဖက် တောင်းဆိုချက် နှစ်ရပ်တို့ကို ရင်ဆိုင်ကြရမည်ဆိုသည့် အချက်ပင်ဖြစ်သည်။ ပထမအချက်မှာ နိုင်ငံတော်၏အရေးအရာတို့ကို ဆောင်ရွက်ရသော နို်င်ငံရေးပညာရပ်သည် ယဉ်ကျေးသော လူ့ဘ၀အတွက် အခြေခံဖြစ်စေရမည်ဆိုသည့် အချက်ဖြစ်သည်။ အခြားတစ်ချက်မှာ နိုင်ငံရေးတွင် ဘ၀ကို မြုတ်နှံထားရခြင်းမှာ အာဏာအတွက် ဂုဏ်သိက္ခာ မဲ့စွာဖြင့် မရပ်မနား လှုပ်ရှားရုန်းကန်နေရန် ဖြစ်သည်ဆိုသော အချက်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံရေးနယ်ပယ် တွင် ရှိနေသူ တစ်ဦးအနေဖြင့် နို်င်ငံရေးဟူသည် အကောင်းအမြတ်ဆုံးအရာ သို့မဟုတ် လူသားတို့၏ အန္တိမပန်း တိုင်ကို ရရှိစေနိုင်စွမ်းသော သိပ္ပံပညာဖြစ်သည်ဟု ဆိုသည့် အရစ္စတိုတယ်၏ သဘောတရားမှ ဆက်နွယ်လာ သည့် အယူအဆတို့ကို မျက်ကွယ်ပြု၍ မာခီယာဗယ်လီ၏ အတွေးအမြင်အောက်တွင် နစ်မွန်းမသွားစေရန် အလေးဂရုပြုရမည်ဖြစ်သည်။ နိုင်ငံရေးလောကမှ ပုဂ္ဂိုလ်တို့အနေဖြင့် အာဏာကို ဗဟိုပြုထားသည့် မာခီယာ ဗယ်လီ၏ အတွေးအမြင်က ဖြားယောင်းသွေးဆောင်မှုကို ခံနိုင်ရည်ရှိဖို့ရာ လွန်စွာမှ ခက်ခဲပါသည်။ ထို့ကြောင့် လည်း လူ့သမိုင်းတစ်လျောက်တွင် ဆင်းရဲဒုက္ခရောက်ကြရမှုများနှင့် ကြေကွဲဖွယ် အနဋ္ဌာရုံများ ပေါ်ပေါက်ခဲ့ရ ခြင်းဖြစ်သည်။ အရည်အချင်းပြည့်ဝသော အင်္ဂလိပ်ခေါင်းဆောင်တစ်ဦးက ပြောခဲ့ဖူးသည်မှာ “အာဏာသည် လူတို့ကို အကျင့်ပျက်စေပါသည်။ အကြွင်းမဲ့ အာဏာသည် လူတို့ကိုအကြွင်းမဲ့စွာ အကျင့်ပျက်စေပါသည်” ဟူ၍ ဖြစ်သည်။
ဆက်လက်ဖေါ်ပြပါမည်။
ကက်နက်အေ မက်ကေးရေးသား၍ ဒေါင်းညိုဘာသာပြန်ဆိုသော
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ စာအုပ်မှ ကူးယူတင်ပြပါသည်။
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း(၂)၊ အပိုင်း(၃)










