ရဲဘော် တိုက်မောင်း မိခင်၏စာမျက်နှာနှင့် မြင့်မိုရ်တောင်တမ်းခြင်း

ကိုယ်ရေး ရာဇ၀င် အကျဉ်း

အမည်အရင်းမှာ မင်းအောင် ဖြစ်သည်။ ၁၉၆၂ ခုနှစ် မြန်မာ သက္ကရာဇ် ၁၃၂၆ တန်ခူး လဆန်း (၁၀) ရက်တွင် ပဲခူးတိုင်း ဒိုက်ဦးမြို့ နယ်၊ နှင်းဝိ ကျေးရွာ၌ ဦးဟံသနှင့် ဒေါ်သန်းမြင့်တို့မှ မွေးဖွားသည်။ မွေးချင်း (၅) ယောက် အနက် အကြီးဆုံးသားဖြစ်သည်။ ၁၉၈၂ ခုနှစ်တွင် အခြေခံပညာ အထက်တန်း အောင်မြင်ခဲ့သည်။ ၁၉၈၆ ခုနှစ် စာပေးစာယူဖြင့် သင်္ချာဘွဲ့ ရရှိသည်။ မူလတန်းဆရာအဖြစ် အိမ်ခြေ လေးဆယ် တွဲဘက် (အ- ထ-က) ကျောင်း၌ ၀င်ရောက် လုပ်ကိုင်ခဲ့သည်။ ရှစ်လေးလုံး လူထုအုံကြွမှုကြီးတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပြီး၊ ၁၉၈၈ ခုနှစ်တွင် ပအိုဝ်း တော်လှန်ရေး နယ်မြေသို့ ရောက်ရှိခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် KNU နယ်မြေ (မကဒတ) ဗဟို၌ တပ်ရင်း (၆၀၁) ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး၊ (မကဒတ) ဒုတိယ အကြိမ် ညီလာခံကို ညီလာခံ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ သည်။ တပ်ရင်း (၆၀၁)တွင် ပြန်၍ ၁၉၉၀ ခုနှစ်မှ ၁၉၉၁ ခုနှစ်ထိ တပ်ခွဲမှူး တာဝန်၊ ၁၉၉၁ ခုနှစ်မှ ၁၉၉၅ ခုနှစ်ထိ တပ်ရင်းမှူး တာဝန်ကို ထမ်းဆောင်ခဲ့သည်။ တော်လှန်ရေး နယ်မြေ စာစောင် အသီးသီးတွင် တိုက်မောင်း၊ ရဲထိန်၊ ဒီရဲ၊ ဗိုလ်တိုက်၊ ကေးကေးဇံ စသည့် ကလောင်အမည်များဖြင့် ကဗျာများ ရေးသားခဲ့သည်။ ၁၉၉၅ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် တော်လှန်ရေး နယ်မြေ တနေရာ၌ ကျဆုံးခဲ့သည်။

မိခင်၏စာမျက်နှာနှင့် မြင့်မိုရ်တောင်တမ်းခြင်း

( …. …. )
၁။ လောကပါလတရား
(…. တခါတလေ)
မစို့မို့လေး လိမ္မာနေတဲ့ညမှာ
ကဗျာဆရာ
အမေ့ကို ကန်တော့ လိုက်ချင်တာ လက်ကုန်ပဲ။


၂၊ အမေနဲ့ ကဗျာဆရာ
မကြာမကြာ …. ဆွေးနွေးငြင်းခုံ
ရန်ကုန်မြို့ကြီးကို ပြာချ
…. …. ပြန်ဆောက်
ဟီရိုရှီးမားနောက်လိုက်လို့ အမေက စွပ်စွဲ
ကဗျာဆရာ ရယ်ကျဲကျဲ နေခဲ့ရ။

ဘုရားသခင်တွေနဲ့စကားများ
လိမ္မာရေးခြားမှုတွေလွင့်ပြစ်
ကဗျာဆရာလက်သစ်
အမေစိတ်ညစ်ခဲ့။

ဘုရားထူးခံအရှင်နှစ်ပါး
အကျဉ်းသား
သနားခဲ့
စာနာခဲ့
ကြေလည်ခဲ့
ရတနာပုံနဲ့ ကျွန်ဇာတ်လမ်း
အမေ့လိုမလွမ်းတတ်
တွိုင်ဘီနဲ့ အစေမကပ်သူ ကဗျာဆရာ
အမေနဲ့ ရန်ဖြစ်ပါတယ်။

ကုန်ဈေးနှုန်းတွေမကျလို့
ကမ္ဘာလုံးကြီးပေါ်က လိမ့်ကျ
(…. နောက်ထပ်ကျစရာမရှိတော့လို့)
သိက္ခာတွေကျ
အမေက
သူစားဖူးတဲ့ခေတ်
လူဗျာဆရာရဲ့
ဝေဖန်ရေးထဲ လိမ်ကျပြန်ပါတယ်။

(ကဗျာဆရာဟာ….)
အမေမစားဖူးသေးတဲ့ခေတ်
လူဖြစ်ဖို့မှန်းဆ
တညထဲနဲ့ခေတ်တခုဆောက်
မြို့မြောက်ဖက် ညောင်ပင်ကြီးက
ခရီးစပါလေရော ….။

၃။ တော်လှန်စရာတွေများလွန်းလို့
ကိုယ့်ကိုယ်ကို အရင်တော်လှန်
ဝီရရသကို ရန်စ
ရူပကအလင်္ကာစုံနဲ့
ကဗျာဆရာ) …. သူပုန်ဖြစ်ခဲ့ပေါ့
ဂုဏ်ယူတော့အမေ။

၎။ “သူပုန်းသစ် … သူပုန်သစ်”
ခေတ်ရှေ့ကို ပြေး
ခေတ်နောက်ကိုပြေး
ပြေး …. ပြေး …. ပြေး ….
ကိုယ်သေး ခေါင်းကြီး
အမြီးမနိုင် …. ခေါင်းမနိုင်ဟေ့
အမေ့ပုံပြင်ကြားမိတယ်။

“ငှက်ဆိုတာ ပျံရင်းသေတယ်
လူဆိုတာ ကြံရင်းသေတယ်”
အမေမှားတော့မယ်
လူဆိုတာ …. ကျန်ရင်းသေတယ်။

ဦးနှောက်နှစ်လုံးနဲ့ တိုက်ပွဲမှာ
ကဗျာဆရာ ကျန်ခဲ့။

ဘီယာဘူးခွံတွေနဲ့ တိုက်ပွဲမှာ
ကဗျာဆရာ ကျန်ခဲ့။
မတ်တပ်ရပ်သေခဲ့။

သခင်ဘသောင်း အကုမြန်လို့
ရှင်သန်ခွင့်လေးရ
ရောဂါဘယကင်းဝေးတဲ့ စိတ်ဓါတ်လေးနဲနဲကျန်
လူပြန်ဖြစ်
သခင်ခေတ်ကို ရောက်ခဲ့ရ။

သခင်မျိုးဟေ့ …. ဒို့ဗမာ
သုံးခါအော်
သေပျော်ပြီ …. အမေ။

လူတယောက်ဟာ
သမိုင်းစာရွက်တွေကြား
အခါခါဖြတ်သွားခွင့်ရှိတယ်။

ကဗျာဆရာ
နှစ်ခါလောက်ဖြတ်သွား
ကြားရချက် မသက်သာ
မြင်ရချက် မသက်သာ
နောက်တခါ လူပြန်ဖြစ်တတ်ခဲ့ရင်
မသင်ချင်ဆုံး ဘာသာတွဲ
သမိုင်းပဲ အမေ။

ဘုရားကျွန်
ကျောင်းကျွန်
အိမ်ကျွန်
မြေကျွန်
…. …. ကျွန်မျိုးစုံကြား
အသိတရားရဲ့ကျွန်ဖြစ်ခဲ့ရ
သခင်စိတ်ကလာ …. လာနှိုး
တန်ခိုးပြ
သိင်္ဂါရနယ်ပယ်
တယ် … မစားသာလှပါအမေ။

အမှန်တရားဟာ
တအားရောင်းကောင်းတဲ့ ပစ္စည်းပေါ့။
ကဗျာဆရာတော့ မ၀ယ်လိုက်နိုင်ဘူးအမေ။

ကံကောင်းလို့ သူပုန်လေးတခါလာဖြစ်မိ
ဟိုလူ့မျက်နှာကြည့်
သည်လူ့မျက်နှာကြည့်
ကြည့်ရ
ရှောင်ရ
ကြောက်ရ
ကြောက်စရာ ရှားလို့
ကိုယ့်ကိုယ်ကို ကြောက်ရ။

သူပုန်မဖြစ်လိုက်မှာ စိုးလို့
ယိုယိုကျိုးကျိုး ဆက်ဆံရ
ဒေါသတွေ ရောင်းလို့ရရင်
ဘီလျှံနာတောင် ဆင်ထိမ်းခန့်လို့ရမယ်။

ဤကဗျာသည် ကဗျာဆရာကိုယ်တိုင် အဆုံးသတ်ခွင့် မရနိုင်ခဲ့သည့် ကဗျာတပုဒ်ဖြစ်ပါသည်။

ကိုတိုက်မောင်း

 
Share on facebook
သူလို သတ္တိ ရှိရှိ ရင်ဆိုင်ပါ
You need Flash player 6+ and JavaScript enabled to view this video.
mod_vvisit_counterယနေ့ လည်ပတ်သူဦးရေ432
mod_vvisit_counterမနေ့က လည်ပတ်သူဦးရေ480
mod_vvisit_counterယခုလ လည်ပတ်သူဦးရေ10047
mod_vvisit_counterစုစုပေါင်း530571

We have: 7 guests, 1 bots online
Today: May 18, 2013