တိုက်စားခြင်း
မိုးရေစက်များကြားမှာ ညို ခြေစုံရပ်နေမိသည်။ ခပ်ဝေးဝေးဆီမှာတော့ ကျွဲအုပ်တအုပ်နှင့် ခမောက် ဆောင်းထားသော ကလေးငယ် တယောက်။ အသက် ၆ နှစ် - ၇ နှစ်ခန့်ရှိမည့် ကလေးငယ်က ညို့ဘက်ကို လှည့်ကြည့်လှည့်ကြည့်နှင့် ညိုနှင့်ဝေးရာ ရွာဘက်ဆီသို့ သုတ်ခြေတင်သွားခဲ့လေပြီ။ မြေပြင်နီနီတွင်စီးဆင်းသွားသော ရေစီးကြောင်းလေးများကို စူးစိုက်ကြည့် နေသည့် ညို့မျက်ဝန်းမှာ မျက်ရည်များလား မိုးရေတွေလား မသဲကွဲပါလေ။ မန်ပန်ဒေသရဲ့ မိုးစွေစွေနှင့် လေအေးအေးထဲမှာ ညို့ရင်တွေပူလောင်လွန်းနေသည်။
လွန်ခဲ့သော ၁၀မိနစ်ခန့်က ဒီနေရာမှာပဲ ညိုနဲ့စကားပြောခဲ့တဲ့ ကျွဲကျောင်းသားကလေးငယ်ရဲ့ မျက်ဝန်းတွေ ဟန်ပန်မူရာတွေက ရင်ထဲမှာစူးစူးနစ်နစ်ဝင်ရောက်နေသည်။ သတိရ၍ ပတ်ဝန်းကျင်ကို ဝေ့၀ဲကြည့်လိုက်တော့ ကလေးငယ်၏ကျောပြင် နှင့် သူ့ကျွဲအုပ်ကို မိုးရေစက်တွေကြားမှာ ခပ်ဝါးဝါးမြင် ရသည်။ ဟင့်အင်း ဝေးကွာပြီးမိုးရွာနေတာကြောင့် မှုန်ဝါးနေတာမဟုတ်။ ညို့မျက်ရည်တွေကြောင့် မြင်ကွင်းမရှင်းလင်းခြင်း သာဖြစ်နေပါသည်။ ထိုစဉ် မိုးရေတွေညို့ကိုယ်ပေါ်ကျရောက်ခြင်း ရပ်တန့်သွားသည်။ မိုးတိတ်သွားတာတော့မဟုတ်ပါ။ ညို့ဘေးမှာ ထီးမိုးပေးလိုက်တဲ့လူတယောက်ပါလား…
“သြော်… ဆရာဂျိုးဇက် ဘာလို့လိုက်လာရတာလဲ? ညိုပြန်ခဲ့မှာပေါ့။ ကြည့်ပါဦး ဆရာ့ကို မိုးရေတွေစိုကုန်ပြီ”
“ရပါတယ်ဆရာမရယ်။ ကျွန်တော်တို့က ဒီမိုးဒီလေနဲ့အကျင့်ဖြစ်နေပါပြီ။ ဆရာမသာ ဒီလောက်အေးတဲ့အရပ်မှာမိုးမိပြီး ဖျားနာနေပါ့မယ်။ ကျောင်းကိုပြန်ကြရအောင်လေ”
ညိုခေါင်းတချက်ငြိမ့်ပြပြီး ဆရာဂျိုးဇက်ရဲ့ ထီးရိပ်အောက်မှာ တိတ်တဆိတ်လိုက်ပါလာခဲ့သည်။ ကျောင်းကိုရောက်တော့ ညို့ရဲ့ကားမောင်းသူ ဦးထွန်းနဲ့ကလေးတသိုက် အဖွဲ့ကျနေလေရဲ့။ သူတို့အပျော်တွေညို့ဆီ အနည်းငယ်ကူးစက်လာပါ သည်။ ခုနကနောက်ကျိခဲ့သောစိတ်ကလေးက အနည်းငယ်ပြန်ပြီးတက်ကြွလာရသည်။ မိုးရေတွေရွှဲရွှဲစိုနေတဲ့ ကျွန်မကို ဦးထွန်းကမြင်လိုက်တော့ စိတ်ပျက်လက်ပျက်အမူအရာနဲ့ ခေါင်းရမ်းပခုံးတွန့်ပြပြီး ကားထဲကညို့အနွေးထည်ကို သွားယူပေး သည်။ ဆရာဂျိုးဇက်က ရေနွေးကြမ်းတအိုးနဲ့ ကျောင်းသားစာရင်းစာအုပ် ကျွန်မဘေးမှာလာချပေးတော့
“ဆရာ… ခုနက ကျွန်မနဲ့စကားပြောနေတဲ့ ကျွဲကျောင်းသားကောင်လေးကို သိလား?”
“သိတယ်ဆရာမညို… အဲဒီကလေးက အရင်ကဒီရွာကမဟုတ်ဘူး။ မိဘတွေမရှိတော့တဲ့နောက် ဒီရွာထဲက သူ့ဖွားလေးက ခေါ်ထားလိုက်တာ။ သူ့ဖွားလေးမှာလဲ သားထောက်သမီးခံမရှိတော့ ဒီကလေးကိုပဲ သူ့သားအဖြစ်အားကိုးနေရရှာတာ။ ကလေးနာမည်က အိုက်မောင်တဲ့”
“အားကိုးတယ်?? ကလေးကအသက်ဘယ်လောက်ရှိပြီမို့လို့လဲဆရာ? သူ့အဖွားကရော မကျန်းမာလို့များလား”
“အိုက်မောင်လေးက ခုဆို ၈-၉နှစ်တော့ရှိပြီထင်တယ်ဆရာမ။ အာဟာရမပြည့်ရှာတော့ လူကောင်ကညှက်တယ်။ သူ့အဖွားက မနှစ်ကထိအကောင်းပါဗျာ။ ဒီနှစ်ထဲမိုးဦးကျမှာ မျှစ်ချိုးရင်းနဲ့ ၀ါးငုတ်စူးတာ ခုဆိုဘယ်ခြေတဖက်မသန်တော့ဘူး။ ကလေးက သူများကျွဲအငှါးကျောင်းတဲ့အခါကျောင်းတယ်။ ရွာထဲမယ် တခိျု့အိမ်တွေက ပေါ့ပေါ့ပါးပါးအလုပ် လေးတွေခေါ်ခေါ်ခိုင်းပြီး ပေးကမ်းကြတဲ့အခါလဲရှိပေမယ့် အများစုက မိဘနှစ်ပါးလုံးသေဆုံးထားတဲ့ အိုက်မောင်ကို လာဘ်တိတ်တယ်လို့ယူဆကြတာလဲရှိတယ်။ ပြောင်းစိုက်ချိန် ပြောင်းခြွေချိန်ကျတော့လဲ ယာထဲလိုက်ပေါ့ ဆရာမရယ်။ မြေးအဖွား နှစ်ယောက်စာ သူရှာဖွေသမျှလေးနဲ့ ဒီလိုပဲနေကြရတာပါပဲ”
ဆရာ့စကားဆုံးတော့ စကားများများပြောလိုက်ရတဲ့ ဆရာလဲမောသွားသလို ညို့ရင်ထဲမှာလဲ မောသွားပါသည်။ ခွက်ထဲက ရေနွေးကြမ်းပင် အအေးဘက်လုနေပြီ။
---
“ဒါနဲ့ဆရာမ ခုနကအိုက်မောင်လေးနဲ့ ဘာတွေသွားပြောနေတာလဲ?”
“အင်း… အစောပိုင်းက ကျောင်းထဲက ကလေးတွေနဲ့စကားပြောရင်း အပြင်မှာကလေးတယောက်တွေ့လို့ လိုက်သွား ကြည့်တာလေ။ ဘယ်သူမှန်းမသိပေမယ့် ကျောင်းလစ်နေတဲ့ကလေးများလား၊ ဒါမှမဟုတ်အပြင်က ကလေးတယောက် ယောက် ကျောင်းသားတွေကို အားကျလို့ငေးနေတာများလား သိချင်လို့ လိုက်မေးကြည့်တာပါ”
“သူဘာတွေပြောလဲ ဆရာမကို”
---
“ဟေ့ ကလေး…. ဘာလုပ်နေတာလဲကွ”
“ကျွဲ…ကျွဲကျောင်းနေတာပါ”
“မင်းခုနက ကျောင်းဘေးကပြတင်းပေါက်မှာ လာချောင်းကြည့်နေတာမဟုတ်လား”
“ငါ..ငါ… ဘာမှခိုးမလို့မဟုတ်ဘူးနော်။ နင်တို့လာတယ်ဆိုလို့ မမြင်ဖူးလို့လာကြည့်တာ”
“အေးပါသားရယ်။ သားကိုလဲ ခိုးတယ်လို့မပြောပါဘူး။ ပြီးတော့ ကိုယ့်ထက်အသက်ကြီးတဲ့သူကို နင်တွေ ငါတွေနဲ့ မပြောရဘူးလေ။ ကိုယ့်ကိုယ်ကိုယ် သား ဒါမှမဟုတ် ကျွန်တော်လို့ ပြောရတယ်။ ကိုယ့်ထက်အသက်ကြီးတဲ့သူကိုကျတော့ အစ်မဖြစ်ဖြစ် အစ်ကိုဖြစ်ဖြစ် ဦးကြီးဦးလေး ဒေါ်ကြီးဒေါ်လေး အဘိုးအဘွား အဲလိုမျိုးပေါ့ကွာ။ အသက်အလိုက်ခေါ်ရမယ်။ ကဲ…ကဲ… ထားတော့။ သားက ဘာလို့ကျောင်းမတက်ဘဲ ကျွဲကျောင်းနေတာလဲ”
“ငါ..အဲ…ကျွန်..ကျွန်တော် ကျောင်းတက်ရင် တစ်နေ့ ငါးရာမှမရတာ”
“ဟင်… တနေ့ငါးရာ..အဲ… ကျွဲကျောင်းခက တစ်နေ့ငါးရာရတာလား”
“ဟုတ်တယ်။ တစ်နေ့ငါးရာရတယ်”
“အင်း..ကျောင်းတက်ရင်တော့ တစ်နေ့ငါးရာမရပေမယ့် သားသား စာတွေရေးတတ်ဖတ်တတ်မယ်လေ။ အဲဒီအခါကျ ဒီထက်ကောင်းတဲ့အလုပ်ရမှာပေါ့။ ပြီးတော့ အခုသားကငယ်ငယ်လေးရှိသေးတာ။ ကျောင်းတက်ရမယ့်အရွယ်လေ။ အလုပ်လုပ်ရမယ့်အရွယ်မှ မဟုတ်တာ”
“ငါအလုပ်မလုပ်ရင် ငါ့အဖွားကိုဘယ်သူကထမင်းကျွေးမှာလဲ?”
“ပြောပြန်ပြီ ဒီငါငါနဲ့..ပြန်ပြော ကျွန်တော်လို့”
“အေး”
“လူကြီးကပြောရင် အေး လို့ပြန်မပြောရဘူး။ ဟုတ်ကဲ့လို့ပြောရတယ်။ မှတ်ထားနော်”
“ဟုတ်ကဲ့”
“အင်း ဟုတ်ပြီ။ သားအဖွားကို ဘယ်သူထမင်းလာကျွေးမလဲဆိုတော့ သားမှာမိဘတွေမရှိတော့ဘူးလား”
“မရှိဘူး။ သေကုန်ကြပြီ”
“အာာာ… ဒီလိုရှိတယ်သားရဲ့။ သားကျောင်းတက်ရင် တနေ့ ၅၀၀ မရပေမယ့် တစ်လလုံးကျောင်းမပျက်ရင် ဆန် ၈ ပြည် ရမယ်။ ဘယ်လိုလဲ တက်ချင်လား သား”
“တစ်လလုံးမှ ဆန် ၈ ပြည်နဲ့ဘယ်လိုစားမလဲ။ တနေ့ငါးရာဆို ဆန်၎ဘူးဝယ်လို့ရတယ်။ ကျွဲကျောင်းရင်း စားလို့ရတဲ့ အရွက်တွေအသီးတွေခူးသွားရုံပဲ။ ငါတို့..အဲ.. ကျွန်တော်တို့နှစ်ယောက် ဗိုက်၀၀စားရတယ်။ ဟော..မိုးသံကြားတယ်။ ရွာထဲပြန်မှပဲ။ မိုးရွာနေရင် အဖွားကစိတ်ပူနေဦးမှာ”
“ကလေး…ကလေး..နေပါဦး”
----
“ဒါပါပဲ ဆရာရယ်…ညို့ရင်ထဲမယ် ဘယ်လိုဖြစ်မှန်းမသိပါဘူး။ ကလေးလေးကို အရမ်းသနားပြီး ညိုတို့လုပ်နေတဲ့ Food for Education program အတွက်တော်တော်လေးစိတ်မကောင်းဖြစ်မိပါတယ်”
“ကျွန်တော်ဒီရွာမှာတာဝန်ကျတာ ၇နှစ်ရှိပြီဆရာမ… ဒီလိုကလေးတွေ အများကြီးပဲ.. အသက်ကလေး ၁၃-၁၄ ဆိုရင် ဟိုဘက်ကိုကူးပြီး ကြုံရာကျပန်းလုပ်ကြတာပါပဲဗျာ။ အဲ့ဒီကရတဲ့ငွေနဲ့ ဒီရွာမှာကျန်နေတဲ့ မိသားစုတွေကို ပြန်ထောက်ပံ့ ရတာပေါ့။ အလုပ်နဲ့ ငွေဆိုတာလဲ ဒီခေတ် ဒီဒေသမှာ အရှားသားကိုးဆရာမရဲ့။ ဒီမှာနေရင်လဲ ခဏနေပြည်သူ့စစ်က လုပ်အားပေးခေါ်လိုက် ခဏနေတပ်ကလုပ်အားပေးခေါ်လိုက်နဲ့လေ”
“ဒါနဲ့ လွယ်ခမ်းဘက်မှာ ပြည်သူ့စစ်စိုက်ခင်းမှာ လုပ်အားပေးသွားရလို့ ဒီနှစ်ပျိုးကြဲနောက်ကျတယ်လို့ ကြားခဲ့တယ်။ ဆရာတို့ဆီမှာရော ဒီနှစ်လုပ်အားပေးခေါ်သေးလား”
“ကျွန်တော်တို့ရွာကတော့ နောက်လကုန်လောက်မှအလှည့်ကျတယ်။ နည်းနည်းတော်သေးတာပေါ့ဗျာ။ ပျိုးလဲကြဲပြီးပြီ လယ်သိမ်းမယ့်အချိန်လဲမရောက်သေးတော့ သိပ်အဆုံးအရှုံးမများဘူးပေါ့။ ပျိုးကြဲနောက်ကျလို့မိုးဦးမမှီရင်လဲ စပါးပျက် တာပဲ။ လယ်သိမ်းနောက်ကျလို့ စပါးတွေပင်ခြေပုတ်ရင်လဲ အထွက်နည်းတော့နောက်နှစ်ဝမ်းစာခက်ပြန်ရောလေ”
“ညိုသဘောပေါက်ပါတယ်ဆရာရယ်။ ကိုယ်ချင်းလဲစာမိပါရဲ့။ အိုက်မောင်လိုကလေးအတွက်လဲ စိတ်မကောင်းဖြစ်တယ်။ ဆရာလုပ်ပေးထားတဲ့ ကျောင်းသားစာရင်းနဲ့ ရိက္ခာစာရင်းတွေပြည့်စုံပါတယ်။ အဲဒီအတွက် ကျေးဇူးတင်ပါတယ်။ မိုးလဲ နည်းနည်းစဲသွားပြီဆိုတော့ ညိုတို့သူကြီးအိမ်သွားလိုက်ဦးမယ်။ ပြီးရင် မန်လွယ်ဘက်ကိုခရီးဆက်မယ်ရှင်။ မိုးထပ်မရွာဖို့ ဆုတောင်းရတော့မှာပဲ ဆရာရေ့။ မိုးရွာကြီးနဲ့ ဂင်္ဂါကဆင်းရမှာ သိပ်မလွယ်ဘူး”
“ကောင်းပါပြီဆရာမညို.. လမ်းခရီးမှာဂရုစိုက်ပါ။ ဘုရားသခင်ကောင်းချီးပေးပါစေ”
---
ရှမ်းပြည်မြောက်ပိုင်းတွင် UN agency တစ်ခုရဲ့ ကွင်းဆင်းစစ်ဆေးရေးဝန်ထမ်းတစ်ယောက်အနေနှင့် ရွာတွေမှာ လုပ်လက်စ ကလေးတွေပညာရေးအတွက် တစ်လကို ဆန် ၈ ပြည် ထောက်ပံ့တဲ့ Food for Education စီမံကိန်း၊ လယ်ကွက်အသစ်ဖော်ခြင်း၊ လမ်းဖောက်ခြင်းစတဲ့ ရပ်ရွာဖွံ့ဖြိုးရေး လုပ်ငန်းများတွင်လုပ်အားပေးပြီး တစ်ယောက်လျှင် တစ်ရက်ကို ဆန် ၁ ပြည်ထောက်ပံ့တဲ့ Food for Work စီမံကိန်း၊ ကျန်းမာရေးပညာပေး၊ စိုက်ပျိုးရေး ပညာရေးသင်တန်းများဖွင့်လှစ်ပြီး ဆန်ထောက်ပံ့တဲ့ Food for Training စီမံကိန်း၊ မသန်စွမ်းသူများနှင့် သက်ကြီး ရွယ်အိုများအတွက် ရိက္ခာအပြည့်အစုံ ထောက်ပံ့သော Food for Venerable စီမံကိန်းများ ရှိတဲ့အတွက် ဒီရွာလေးသို့ ညိုလာခဲ့ခြင်းဖြစ်သည်။ ရိက္ခာရှိရသင့်တဲ့သူ ရွေးချယ်မှုမှန်ကန်ခြင်းရှိမရှိ၊ ရရှိရမည့် ပမာဏအပြည့်ရရှိခြင်းရှိမရှိ၊ အဖွဲ့အစည်းမှ ပေးပို့ထားသော ရိက္ခာအရည်အသွေး ပြည့်မှီမှုရှိမရှိ စသည်များကို စစ်ဆေးရပြီး အကျိုးခံစားခွင့်ရှိသူများ၏ စိတ်ကျေနပ်မှုရှိမရှိ၊ သတ်မှတ်အချိန်ကာလနှင့် ကိုက်ညီမှုရှိမရှိ စတာတွေကိုလဲ စစ်ဆေးရပါသည်။
ရွာအတွက်လိုအပ်တဲ့ နောက်ထပ်စီမံကိန်းများအတွက်လည်း ရပ်မိရပ်ဖများ၊ ကျေးရွာခေါင်းဆောင်များနှင့် ညှိနှိုင်းဆွေးနွေးရသည်။ ဒေသဆိုင်ရာ ၀န်ထမ်းများ၏ လစဉ်အစီရင်ခံစာများ၊ လုပ်ငန်း အရည် အသွေးစစ်တမ်းများ၊ ၀န်ထမ်းအင်အားနှင့် အရည်အချင်းလိုအပ်မှု စံနှုန်းပြည့်မှီမှု စသည်များကိုလည်း ဆွေးနွေးရပါသည်။ ရုံးစိုက်ရာမြို့ကတော့ လားရှိုးမြို့ဖြစ်ပြီး ညိုတာဝန်ယူရတဲ့ ဧရိယာများကတော့ မန်တုန်၊ မန်ပန်၊ လားရှိုးနှင့် မူဆယ် ဒေသများဖြစ်ပါသည်။ လားရှိုးမြို့ပေါ်ရှိ ကျန်းမာရေးစီမံချက်များ ကို အချိန်မရွေးသွားရောက် စစ်ဆေးဆွေးနွေးရန် လွယ်ကူသော်လည်း အခြားဒေသများကိုဖြင့် အနည်းဆုံး နှစ်လလျှင် တစ်ခေါက်ရောက်အောင် သွားရောက်ရပါသည်။ ဤမန်ပန် ဒေသသို့ ညိုရောက်ရှိနေသည်မှာ ယနေ့ဆိုလျှင် ၃ရက် မြောက်နေ့ဖြစ်ပြီး ယနေ့အတွက် ယခုရောက်ရှိနေသော ဂင်္ဂါ ဒေသရှိ မိုင်းတောင်၊မန်လွယ်နှင့် ဟိုသွန်းရွာများသွားဖို့ စီစဉ်ထားသော်လည်း ဒီမိုးဒီလေနှင့်ဆိုလျှင် နောက်ထပ်တစ်ရွာ သွားဖို့ မလွယ်လှပါ။ ဒီနေ့အတွက် ပထမဆုံးရောက်ရှိခဲ့ သော ဤမိုင်းတောင်ရွာမှ အိုက်မောင်ဆိုသောကလေးရဲ့ဖြစ်ရပ် ကလေးကြောင့် ညို့မှာနောက်ရွာတွေဆက်သွားဖို့ အားအင်ကုန်ခမ်းသွားတာများလား? ကျောက်စရစ်ခဲလေးများအပြည့် ရွှံ့စေးမြေသားလမ်းတို့နှင့် မာယာများလှသော ဂင်္ဂါတောင်ကြောမှ ဒီမိုးရွာပုံနှင့် မိုးချုပ်မှပြန်ဆင်းဖို့ ထိတ်လန့်မိသလို ညို့ရင်ထဲက အိုက်မောင်တို့လိုကလေးငယ်များ ရှေ့ရေးအတွက်လဲ စိုးရိမ်မိလှပါသည်။
--
ညနေပိုင်း မန်လွယ်ရွာကအပြန်တွင်တော့ မိုးရေကြောင့်ကားတစ်စီးအတွက် အန္တရာယ်များလွန်းတဲ့ ဂင်္ဂါတောင်ကြောမှာ ကားမောင်းသူ ဦးထွန်းတယောက် တတ်သမျှကားမောင်းပညာထုတ်သုံးပြီး ရှိသမျှဘုရားစာအကုန် တ ပြီး မောင်းခဲ့ရသလို ညို့ရင်ထဲမှာလဲ ခေတ်ရဲ့သားကောင်၊ စနစ်ရဲ့သားကောင်၊ ရိုးရာအစွဲအလန်းများရဲ့သားကောင် အိုက်မောင်(၁)(၂)(၃)(၄) တို့ရဲ့ရှေ့ရေးတွေအတွက် စိုးတထိတ်ထိတ်နှင့်။
ကားမှန်ရဲ့ အပြင်မှာရွာနေတဲ့ မိုးနဲ့အပြိုင် ညို့နှလုံးသားကမျက်ရည်တွေလဲ ဖြိုင်ဖြိုင်ရွာနေဆဲပါပဲလေ။
--
ချစ်ခြင်းများစွာဖြင့်
မိုးကြာညို
တိုက်စားခြင်း










