ဒီမိုကရေစီ လေ့လာရေး စာစဉ် ဒီမိုကရေစီ လေ့လာရေးစာစဉ် အခန်း(ရ) အပိုင်း (၂)

ဒီမိုကရေစီ လေ့လာရေးစာစဉ် အခန်း(ရ) အပိုင်း (၂)

User Rating: / 2
PoorBest 

တပါတီ အာဏာရှင်ဝါဒ၏ ၀ိသေသလက္ခဏာ (Characters of Totalitarianism)

အထက်တွင် တင်ပြခဲ့သော အီတလီ ဖက်ဆစ်ဝါဒများအတွင်းမှ တပါတီ အာဏာရှင် ၀ါဒအဖြစ် သတ်မှတ်ရခြင်း အကြောင်းအရင်းများဖြစ်သော ၀ိသေသ လက္ခဏာများကို လေ့လာသူများ ဦးစွာ ကောက်နှုတ် သုံးသပ်ကြသည်။ ၄င်းလေ့လာသုံးသပ်မှု အချက်အလက် များစွာကို တွေ့ရှိရသည်။ ထို့အတူ များပြားသော၊ ကွဲလွဲသော အခြေခံအကြောင်း အရင်းများမှတဆင့် စုစည်းသော အဓိပ္ပါယ်ဖွင့်ဆိုမှု ပြုလုပ်ရေးတွင် အခက်အခဲ ရှိလာသည်။ မည်သို့သော ဘုံယေဘုယျ တူညီသော အချက်များကို အချက်များကို တပါတီအာဏာရှင်ဝါဒ၏ သိသေသ လက္ခဏာအဖြစ် သတ်မှတ်မည်ဆိုသည့် ဘောင်ကို ချမှတ်လာရသည်။ ထိုဘောင်သတ်မှတ်မှုအရ အများဆုံး အကျုံးဝင်သော အချက်များမှာ အောက်ပါတို့ဖြစ်သည်။

ပထမ ဦးစွာ တပါတီ အာဏာရှင်ဝါဒနှင့် ရှေးဟောင်း အာဏာရှင်ဝါဒများ ဖြစ်သည့် အရစ္စတိုကရေစီ၊ အော်လီဂါခီတို့ကြား ကွဲပြားခြားနားမှုများကို ဖော်ထုတ်သည်။ ထိုခြားနားချက်မှာ တပါတီအာဏာရှင် ၀ါဒသည် လူ့အဖွဲ့အစည်းနှင့် တနိုင်ငံလုံးရှို နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် အသိဥာဏ်ပညာဆိုင်ရာ ကဏ္ဍများ အားလုံးတွင် တပုံစံတည်းဖြစ်အောင် ပုံသွင်းပြီး အပြည့်အ၀ ဗဟိုဦးစီး ချုပ်ကိုင်မှုဖြင့် ထိုကဏ္ဍများကို ထိန်းချုပ်ထားပါသည်။ ဤသို့ အဖြစ်အပျက် အခြေအနေများသည် (၂၀) ရာစုအတွင်း အချို့နေရာများတွင် တွေ့ကြုံနေရသော အဖြစ်အပျက်များ ဖြစ်လာသည်။ တပါတီအာဏာရှင်ဝါဒသည် တနိုင်ငံလုံးရှိ ရေဒီယို၊ ရုပ်မြင်အသံကြား၊ သတင်းဌာန၊ စာနယ်ဇင်းကဏ္ဍ အားလုံးကို ထိန်းချုပ်ထားသည်။ ထို ပြည်သူ့ဆက်သွယ်ရေး ကိရိယာများမှ တဆင့်အုပ်ချုပ်သူများ သက်ဝင်ယုံကြည်သော ၀ါဒတခုခုကို ပြည်သူလူထု လက်ခံလာစေရန် အမြဲတမ်းလိုလို ၀ါဒဖြန့်ချိလျက်ရှိသည်။ တပါတီ အာဏာရှင်ဝါဒ ရှိသော လူ့အဖွဲ့အစည်းနှင့် နိုင်ငံရေးတွင် ပြိုင်ဘတ်ဟု ယူဆခံရသော နိုင်ငံရေးအတွေးအခေါ်နှင့် ပါတီများ လှုပ်ရှားရပ်တည်ခွင့် မရှိပေ။ အချို့သော အာဏာရှင်များသည် ၄င်းတို့နှင့် ကွဲလွဲသော နိုင်ငံရေးအတွေးအခေါ် ရှိသည်ဟု ယူဆရုံမျှဖြင့် ဖမ်းဆီးခံခြင်း၊ နှိပ်စက်ညှဥ်းပမ်းခြင်းများ ပြုလုပ်တတ်ကြသည်။

အမေရိကန် သမ္မတ လက်ထက် အမျိုးသားလုံခြုံရေး အကြံပေးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ နှစ်ဦးဖြစ်သော ဖက်ဒရက်ခ်ျ (Carl J.Friedrich) နှင့် ဘရက်ဇက်စကီး (Zbigniew Brzezinski) တို့က တပါတီ အာဏာရှင်ဝါဒတွင် အောက်ပါ ၀ိသေသလက္ခဏာ (၆) ချက်ရှိကြောင်း ဖော်ပြခဲ့ဖူးသည်။ ပညာရှင် အများစုသည် ထိုဝိသေသများကို လက်ခံ အသိအမှတ်ပြုကြသည်။

၁။ အတွေးအခေါ် (Ideology) တရပ်ကို လူ့အဖွဲ့အစည်းအတွင်း ဘာသာရေး၊ ပညာရေး၊ လူမှုရေးနယ်ပယ် အားလုံးတွင် စိမ့်ဝင်ပြန့်နှံ့နေအောင် စိုက်ထူသည်။

၂။ နိုင်ငံရေး ပါတီတခုတည်းက နိုင်ငံရေး ဘ၀တခုလုံးကို ထိန်းချုပ်ကာ အာဏာရယူထားသည်။ ထို့ပြင် ထိုပါတီကို လူပုဂ္ဂိုလ်တဦးတည်းက အဓိက ထိန်းချုပ်ထားသည်။

၃။ နိုင်ငံရေး ပြိုင်ဘက်နှင့် နိုင်ငံရေး သဘောထား ကွဲလွှဲသူများကို အကြမ်းဖက် အင်အားသုံး ဖိနှိပ်သည့်ရဲ ကဲ့သို့သော လက်နက်ကိုင်အဖွဲ့ အားကိုးဖြင့် ရက်ရက်စက်စက် နှိပ်ကွပ်တတ်သည်။

၎။ နိုင်ငံအတွင်းရှိ ၀ါဒဖြန့်ချိရေး ယန္တယားအဖြစ် အသုံးပြုနိုင်သော သတင်းစာ၊ ဂျာနယ်၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ စသည့် လူထုဆက်သွယ်ရေး ကိရိယာအားလုံးကို ထိန်းချုပ်ကာအုပ်ချုပ်သူတို့ ကိုင်စွဲသော ၀ါဒအကြောင်းနှင့် လုပ်ရပ်များအကြောင်း အစဉ်အမြဲ ၀ါဒဖြန့်ချီနေခြင်း။

၅။ အုပ်ချုပ်သူများ လက်ထဲတွင် လက်နက်ကိုင် တပ်ဖွဲ့များကို တလက်ကိုင်အဖြစ် ထားရှိပြီး နိုင်ငံရေး အာဏာအတွက် ထင်သလို အသုံးပြုတတ်သည်။

၆။ အုပ်ချုပ်သူတို့သည် တနိုင်ငံလုံး၏ စီးပွားရေးကို ထိန်းချုပ်ထားသည်။

အထက်ပါ တင်ပြချက်များသည် ခေတ်သစ် အာဏာရှင်ဝါဒဖြစ်သော တပါတီ အာဏာရှင်ဝါဒ၏ အဓိကကျသော ၀ိသေသ လက္ခဏာများပင်ဖြစ်သည်။  နိုင်ငံရေးအတွေးအခေါ် အယူအဆ အမျိုးမျိုးတွင် ဖြစ်ပေါ်တတ်သော အာဏာရှင်ဝါဒသည် အဆိုပါ ၀ိသေသ လက္ခဏာများနှင့် ကိုက်ညီပါက တပါတီ အာဏာရှင် ၀ါဒဖြစ်သည်။ ကွန်မြူနစ်အယူဝါဒနှင့် ဖက်ဆစ်နိုင်ငံရေး အယူဝါဒ ကွဲပြားသော်လည်း ထိုဝါဒနှစ်ခုအား အခြေခံ ဖြစ်ပေါ်နေသော အာဏာရှင်ဝါဒသည် အထက်ပါ ၀ိသေသလက္ခဏာများနှင့် ကိုက်ညီနေသဖြင့် နှစ်ခုစလုံးသည် တပါတီ အာဏာရှင်ဝါဒ ဖြစ်မှု အရာတွင် အတူတူပင်ဖြစသည်။ ထို့အတူ ဆိုရှုယ်လစ်အမည်ခံ၍ မြန်မာနိုင်ငံကို ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ တပါတီအာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့ခြင်းသည်လည်း တပါတီအာဏာရှင် ၀ါဒပင်ဖြစ်သည်။

၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် အုပ်ချုပ်ခဲ့သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည်လည်း မြန်မာ့ဆိုရှုယ်လစ် လမ်းစဉ်ပါတီကဲ့သို့ နိုင်ငံရေးအယူဝါဒ တရပ်ကို ပြည်သူလူထုထံ အတင်းအကြပ် စွဲကပ်စေခြင်းမှလွဲ၍ ပို၍ပင် ဆိုရွားသော တပါတီ အာဏာရှင်ကဲ့သို့ ဖြစ်ကြောင်း အချို့လေ့လာသူများက ထောက်ပြသည်။

ယခုချိန်တွင် တပါတီ အာဏာရှင်ဝါဒများသည် လူထု အချုပ်အခြာပိုင်မှုနှင့် ဒီမိုကရေစီကို ကြွေးကြော်ရင်းဖြင့် အာဏာရှင်ဝါဒကို တပြိုင်နက် ကျင့်သုံးနေသည်ကို တွေ့ရသည်။ အာဏာရှင်များသည် လိမ္မာပါးနပ်စွာဖြင့် ထိန်းချုပ်ထားသော ယန္တာယားများမှတဆင့် ၄င်းတို့ အာဏာရရှိထားမှုမှာ ဥပဒေကြောင်းအရ ညီညွတ်မှုရှိကြောင်း ပြသတတ်ကြသည်။ ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ကွဲပြားစွာ ရပ်တည်နေကြပါစေ၊ တပါတီ အာဏာရှင်စနစ်တွင် ယန္တယားချုပ်ကိုင်ထားမှု၊ ပြိုင်ဘက် နိုင်ငံအတွေးအခေါ်နှင့် ပါတီကို ရှင်သန်ခွင့်မပြုမှု၊ ၄င်းတို့စွဲကိုင်သော ၀ါဒကို အစွဲအမြဲယုံကြည်စေမှု စသည့် ၀ိသေသ လက္ခဏာများတွင်မှု အတူတူပင် ဖြစ်သည်။

တပါတီ အာဏာရှင်ဝါဒသည် နိုင်ငံရေး အတွေးအခေါ် တခုတည်း၊ ပါတီတခုတည်းကိုသာ စိုက်ထူခြင်း ဖြစ်ရာ လွတ်လပ်စွာ နိုင်ငံရေးတွေးခေါ်မှု၊ ယုံကြည်မှု၊ ထုတ်ဖော်ပြောဆိုမှု၊ အသင်းအဖွဲ့ ဖွဲ့စည်းမှုတို့ကို လမ်းဖွင့်ပေးထားသော ဒီမိုကရေစီ အခြေခံသဘောတရားနှင့် ဖီလာဆန့်ကျင်ပြုလျက်ရှိသည်။ ပြိုင်ဘက် နိုင်ငံရေးသမာများ၊ ပါတီကို နှိပ်ကွပ်သကဲ့သို့ နိုင်ငံသားများ၏လွတ်လပ်မှု အခွင့်အရေးများကိုလည်း တပါတီ  အာဏာရှင်ဝါဒက ငြင်းပယ်သည်။ ထို့ကြောင့် တပါတီ အာဏာရှင်ဝါဒနှင့် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်အရ ပြည်သူ့ဆန္ဒနှင့်အညီ အုပ်ချုပ်ရေးဆိုသည်မှာ အတူယှဉ်တွဲ ရပ်တည်ခြင်း မပြုနိုင်ပေ။ ဖက်ဆစ်ဝါဒ အမျိုးသား ဆိုရှယ်လစ်ဝါဒ၊ စတာလင်၏ ကွန်မြူနစ်ဝါဒ၊ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်များနှင့် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ် ယှဉ်တွဲမရှိကြောင်းကို အခိုင်အမာ သက်သေပြသခဲ့ပြီး ဖြစ်သည်။

ထိုအာဏာရှင်များက အကြောင်းပြ ပြောဆိုတတ်သည်မှာ လူ့အဖွဲ့အစည်းတွင် တသီးပုဂ္ဂလများ ဖွဲ့စည်းပါဝင်နေကြရာ အဖွဲ့အစည်းအကျိုးကို အဓိကထား လုပ်ဆောင်ခြင်းသည် တဦးချင်း၏ လွတ်လပ်မှု အခွင့်အရေးထက် ပို၍အရေးကြီးသော ကိစ္စဖြစ်သည်ဆိုသော အကြောင်းပြချက်ဖြစ်သည်။ လူ့အဖွဲ့စည်းကြီ၏ ဦးတည်ကို သွားလာနိုင်ရေးအတွက် လိုအပ်ပါက အတွေးအခေါ် သန့်စင်မှုများပင် ပြုလုပ်ရမည်ဟုဆိုသည်။ အာဏာရှင်များ၏ ထိန်းချုပ်မှုသည် နိုင်ငံရေး နယ်ပင်တွင် ဒီမိုကရေစီအခွင့်အရေးများကို ပိတ်ပင်ဟန့်တား ထားသည်သာမက ဘာသာရေးကိုလည်း ၄င်းတို့လိုလားသော နိုင်ငံရေးကို အထောက်အကူပြုမည့် ဘာသာရေးအဖြစ် ပြောင်းလဲလိုကြသည်။ အာဏာရှင်တို့၏ နိုင်ငံရေးပါတီ ဦးဆောင်မှုသို့ လိုက်၊ ပါတီသည် အမြဲတမ်း အမှန်ကို လုပ်သည်ဟူ၍လည်း ကြွေးကြော်တတ်သည်။

တပါတီ အာဏာရှင်ဝါဒသည် စစ်ကြိုကာလတွင် ပေါ်ပေါက်ခဲ့သော အီတလီ ဖက်ဆစ်ဝါဒ၊ ဂျာမဏီ အမျိုးသားဆိုရှယ်လစ်ဝါဒ၊ ဆိုဗီယက်ပြည်ထောင်စု စတာလင် ကွန်မြူနစ်ဝါဒများကို အခြေတည် ဖြစ်ပေါ်ခဲ့ပြီး ၄င်းဝါဒများတိမ်မြုပ်သွားခဲ့သော်လည်း တပါတီ အာဏာရှင်ဝါဒ၏ သိသေသ လက္ခဏာများ ယနေ့ ကမ္ဘာ့နိုင်ငံ အတော်များများတွင် တွေ့နေရဆဲဖြစ်သည်။ ထို ၀ိသေသ လက္ခဏာများကို အစွဲပြု၍ ခေတ်သစ် အာဏာရှင်ဝါဒ ဟုလည်း ခေါ်ကြသည်။ မည်သို့သော နိုင်ငံရေးအယူဝါဒ အခြေခံ အကြောင်းတရားကြောင့်ဖြစ်စေ၊ စစ်အာဏာရှင်များက ဖြစ်စေ၊ အထက်တွင် တင်ပြခဲ့သော ၀ိသေသလက္ခဏာများရှိသော အုပ်ချုပ်ရေး အစိုးရတရပ်ကို ဖော်ဆောင်ထားပါက တပါတီ အာဏာရှင်ဝါဒသာ ဖြစ်သည်။ တပါတီ အာဏာရှင်ဝါဒရှိသော နိုင်ငံရေး ရုပ်ပတ်ဝန်းကျင်တွင် ဒီမိုကရေစီ ရှင်သန်နိုင်မည် မဟုတ်ချေ။

ဖက်ဆစ်ဝါဒ

(Fascism)

ဒီမိုကရေစီ ရှင်သန်ခြင်းမပြုနိုင်သော နိုင်ငံရေး ရုပ်ပတ်ဝန်းကျင်များတွင် ဖက်ဆစ်ဝါဒလည်း ပါဝင်သည်။ ဖက်ဆစ်ဝါဒသည် လက်ယာအစွန်းရောက် အာဏာရှင်ဝါဒလည်း ဖြစ်သည်။ ဖက်ဆစ်ဝါဒသည် ပထမ ကမ္ဘာစစ်အတွင်းတွင် သန္ဓေတည်ခဲ့သော်လည်း လှုပ်ရှားမှု အမြင့်မားဆုံး ကာလမှာ ၁၉၃၀ ခုနှစ်မှ ၁၉၄၅ ခုနှစ် များအတွင်း ဖြစ်သည်။

မူဆိုလိုနီသည် အီတလီနိုင်ငံအတွင်း ဖက်ဆစ်လှုပ်ရှားမှုများကို ၁၉၂၁ ခုနှစ် မတ်လတွင် စတင်ခဲ့သည်။ အဓိကအားဖြင့် ၁၉ ရာစု နှောင်းပိုင်းကတည်းက အီတလီ နိုင်ငံရေးတွင် ထိုးဖောက်ဝင်ရောက်နေခဲ့သော လစ်လရယ်ဝါဒကို ဆန့်ကျင်တုန့်ပြန်ရန် ရည်ရွယ် ဖွဲ့စည်းခဲ့သည်။ ဂျာမဏီနိုင်ငံတွင် ဖက်ဆစ်လှုပ်ရှားမှု များသာ ဖြစ်သည်။ ဖက်ဆစ်ဝါဒနှင့် ဖက်ဆစ်လှုပ်ရှားမှုများသည် ပြည်သူလူထု ထောက်ခံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ရအောင် ကြိုးပမ်းရာတွင် အစွန်းရောက် မျိုးချစ်ဝါဒ (Ultra-Patriotism) နှင့် အစွန်းရောက် အမျိုးသားရေးဝါဒ (Ultra-Nationalism) တို့ကို အခြေခံသည်။

မူဆိုလိုနီ၏ ဖက်ဆစ်ဝါဒသည် လစ်ဘရယ် ဒီမိုကရေစီ၏ အနှစ်သာရများကို ဦးတည်တိုက်ခိုက်ရေး ဖြစ်သည်။ လစ်ဘရယ် ဒီမိုကရေစီသည် လွတ်လပ်သော စီပွားရေးစနစ်အရ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတတ်လာမှု၊ ဈေးကွက်စီးပွားရေး ကျယ်ပြန့်လာမှုတို့ကို စီးပွားရေးအရ ဦးစားပေး သကဲ့သို့ အခြားတဖက်တွင် လူပုဂ္ဂိုလ်တဦးချင်းစီ၏ လွတ်လပ်မှုနှင့် အခွင့်အရေးကို အာမခံရန် ဖြစ်သည်။ မူဆိုလိုနီသည် အီတလီနိုင်ငံတွင် ဘုရင်စနှစ်နှင့် ပဒေသရာဇ် အုပ်ချုပ်ရေး အခြေခံ ဖြစ်သော အရစ္စတိုကရေစီကို လိုလားသူ ဖြစ်သည်။  လစ်ဘရယ် ဒီမိုကရေစီသည် အရစ္စတိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ဖယ်ရှားပြီးမှသာ ထွန်းကားနိုင်သော အခြေအနေမျိုး ဖြစ်ရာ အရစ္စတို ကရေစီကို လိုလားသော မူဆိုလိုနီ၏ ဖက်ဆစ်ဝါဒသည် လစ်ဘရယ် ဒီမိုကရေစီကို ဦးတည် တိုက်ခိုက်သည်။ လိုအပ်ပါက တော်လှန်ရေး ကို တောင်းဆိုသည်။ သို့ရာတွင် တော်လှန်ရေးမှာ တောင်းဆိုသည်ခြင်း တူသော်လည်း ကွန်မြူနစ် တော်လှန်ရေးနှင့် ဖက်ဆစ်တော်လှန်ရေးမှာ ပြောင်းပြန်ဖြစ်နေသည်။ နှစ်မျိုးစလုံးသည် လစ်ဘရယ် ဒီမိုကရေစီကို လက်မခံသော နေရာတွင် တူညီသော်လည်း ကျွန်မြူနစ် တော်လှန်းရေးလုပ်ရခြင်း၏ ရည်ရွယ်ချက်သည် အရစ္စတိုကရေစီနှင့် အရစ္စတိုကရက်များ အမြစ်ပြတ် ဖယ်ရှားပြီး ပစ္စည်းမဲ့ အာဏာရှင်စနစ် စိုက်ထူးရေးဖြစ်သည်။ ရုရှား အောက်တိုဘာ တော်လှန်ရေးကြီးက ဇာဘုရင်ကို ဖြုတ်ချခြင်းသည် အရစ္စတိုကရေစီကို ဖယ်ရှားပြီး ပစ္စည်းမဲ့ အာဏာရှင်စနစ်ကို စိုက်ထူခြင်းဖြစ်သည်။ ဖက်ဆစ် လှုပ်ရှားမှုများကမှု အရစ္စတိုကရေစီကို ကာကွယ်ရေး ဖြစ်သည်။ ထိုအရစ္စတိုကရေစီကို ဖယ်ရှားမည့် လစ်ဘရယ် ဒီမိုကရက်များ (ဘူဇွာများဟုလည်း ရံဖန်ရံခါ ခေါ်ဝေါ်သုံးစွဲ) ကို တော်လှန်ခြင်းဖြစ်သည်။ ထို့ကြောင့် ကွန်မြူနစ် တော်လှန်ရေးနှင့် ဖက်ဆစ်တော်လှန်ရေး ဆန့်ကျင်ဘက် ဖြစ်နေခြင်းကြောင့် ကွန်မြူနစ်များကို လက်ဝဲဟု သတ်မှတ်လျှင် ဖက်ဆစ်များက လက်ယာများ ဖြစ်လာရခြင်းဖြစ်သည်။

၁၉၃၀ ခုနှစ် နောက်ပိုင်းတွင် ဥရောပနိုင်ငံ အတော်များများနှင့် လက်တင်အမေရိက နိုင်ငံအချို့တို့တွင် မှုဆိုလိုနီ၏ ဖက်ဆစ်ဝါဒများ ပြန့်နှံ့ခဲ့သည်။ ၄င်းတို့အားလုံးသည် အစွန်းရောက် အမျိုးသားရေးဝါဒကို အခြေခံထားပြီး ရုရှားတွင် တော်လှန်ရေး အောင်မြင်စွာ ဆင်နွဲခဲ့သော ဘော်ရှီဗစ်ဝါဒ (Bolshevism) ကို ဆန့်ကျင်ရေးဖြစ်သည်။ ကွန်မြူနစ်ဝါဒကို  ဖက်ဆစ်လှုပ်ရှားမှုက ဆန့်ကျင်ခြင်း၏ အဓိက ရည်ရွယ်ချက်သည် အရစ္စတိုကရေစီကို ကာကွယ်ရန်သာ ဖြစ်သည်။ အရစ္စတို ကရေစီသည် ဒီမိုကရေစီနှင့် ဆန့်ကျင်သော အုပ်ချုပ်ရေးစနစ် ဖြစ်ကြောင်းကို တင်ပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဖက်ဆစ်လှုပ်ရှားမှုနှင့် ဖက်ဆစ်ဝါဒ တည်ရှိနေသော နိုင်ငံရေး ရုပ်ပတ်ဝန်းကျင်တွင် ဒီမိုကရေစီ ရှင်သန်နိုင်မည် မဟုတ်ပါ။ ဒီမိုကရေစီဟု ပြောဆိုရာတွင် ယနေ့ ကမ္ဘာ့လူအဖွဲ့ အစည်းက ဦးတည်ပြောင်းလဲ ရွေ့လျားနေသော လစ်ဘရယ် ဒီမိုကရေစီသာ ဖြစ်သည်ဟု ပညာရှင်းများက ဆိုသည်။ ထို လစ်ဘရယ် ဒီမိုကရေစီကို ဖက်ဆစ်လှုပ်ရှားမှု များက ဦးတည်တိုက်ခိုက်လျက်ရှိသည်။

ABSDF မှထုတ်ဝေသော ဒီမိုကရေစီ လေ့လာရေးစာစဉ်မှ ကူးယူဖေါ်ပြပါသည်။

ငုရင်ပြင်

 
Share on facebook
သူလို သတ္တိ ရှိရှိ ရင်ဆိုင်ပါ
You need Flash player 6+ and JavaScript enabled to view this video.
mod_vvisit_counterယနေ့ လည်ပတ်သူဦးရေ403
mod_vvisit_counterမနေ့က လည်ပတ်သူဦးရေ664
mod_vvisit_counterယခုလ လည်ပတ်သူဦးရေ13443
mod_vvisit_counterစုစုပေါင်း533967

We have: 2 guests, 2 bots online
Today: May 24, 2013