စကားပြေ/၀တ္တျ ဖြေသိမ့်လိုက်

ဖြေသိမ့်လိုက်

User Rating: / 1
PoorBest 

ကမ္ဘာကြီး ပူနွေးလာမှုအရှိန်က နို့ဖိုးဒုက္ခသည်စခန်းသို့ပင် သက်ရောက်မှု ရှိနေသည်။ ရာသီဥတု မူမှန် မဟုတ်တော့..။ နေပူလိုက်၊ မိုးရွာလိုက်။ အေးလိုလျှင် အလွန်အေးတတ်ပြီး ပူအိုက်သောအခါမှာလည်း အဝတ်အစားများပင် မကပ်နိုင်တော့။

ရာသီဥတုနှင့်အပြိုင် နို့ဖိုးဒုက္ခသည် စခန်းရှိ စခန်းသူ စခန်းသားတို့၏ ဘဝတို့ကလည်း မူမှန်မဟုတ်ကြတော့။ အတက်အကျ ခပ်ကြမ်းကြမ်းနှင့် ဘဝကို မောင်းနှင်နေကြရသည်။

 

ဒီနေ့မနက်စောစော နို့ဖိုးရဲ့ ရွာဆော်ကြီး ကိုချစ်ဖေက ရပ်ကွက်တွင်းသို့ လိုက်လံနှိုးဆော်နေသည်။ “ယနေ့ နံနက် ၁၀ နာရီ ဂျပန်သံရုံးလာမည် ဖြစ်ပါသည်။ မည်သူမဆို သွားရောက်တွေ့ဆုံ လျှောက်ထားနိုင်ကြောင်း အသိပေးနှိုးဆော်ပါသည်”...တဲ့။

သူ့ရဲ့ နှိုးဆော်ချက်အဆုံးမှာ ခွန်အားမဲ့နေတဲ့ ကျနော်နဲ့ ဘဝတူတွေအတွက် မဟာအားဆေးကြီး တခွက် သောက်ရတော့မလို ဝမ်းသာဧည့်လဲ ပေါ့။ အခြားတတိယ နိုင်ငံတွေကို မသွားရလည်း အာရှတိုက်ထဲမှာ တခုတည်းသော ဒုက္ခသည်ခေါ်တဲ့ ဂျပန်ကို သွားရလည်း နည်းတဲ့ အခွင့်အရေးလားဗျာ။ ဘာဖြစ်ဖြစ် မျိုးဆက်သစ် တွေအတွက်တော့ ကောင်းမွန်တဲ့ အနာဂတ်လမ်းတခုကို ဖန်တီးပေးနိုင်မယ်ပေါ့လေ။

ဂျပန် ဆိုတာကလည်း မဟာအင်အားကြီးနိုင်ငံတခု။ ကမ္ဘာမှာ စက်မှုဖွံ့ဖြိုးတိုးတက်မှုမှာ ရှေ့တန်းက ပြေးနေတဲ့ ကျားတကောင်။ ဒုတိယ ကမ္ဘာစစ် ဖြစ်ပြီးပြီးချင်းမှာ ပြာပုံဘဝကနေ ရုန်းထွက်ကြိုးစားနိုင်လို့ နိုင်ငံအများက အံ့အားသင့် အတုယူရတဲ့ နိုင်ငံတခု။ ဒီလိုဂုဏ်ရောင်တွေတင် ဘယ်ကအုံးမလဲ ကမ္ဘာကျော် လှုပ်ခတ်သွားတဲ့ ဆူနာမီ ဒီရေလှိုင်းကြီးကြောင့် လူ့အသက်ပေါင်းများစွာနဲ့ တိုက်တာအဆောက်အဦး တော်တော်များများ ပျက်စီး သွားသလို ကျန်ခဲ့တဲ့သူတွေလည်း စားဝတ်နေရေး အခက်အခဲ အတော်များများနှင့် ရင်ဆိုင်ခဲ့ကြရတယ် ဆိုပေမဲ့ ဂျပန်လူမျိုးတွေက စိတ်ဓာတ်မကျဘူး။ ရောင့်ရဲတယ် ကြိုးစားတယ်။ အခွင့်အရေး မယူတတ်ကြဘူး။ ငတ်နေကြ တာတောင် စနစ်တကျတန်းစီပြီး အစားအသောက်တွေ ယူကြတယ်။ တဦးကို တဦး ကျော်တက်တာ မရှိတဲ့အပြင် သက်ကြီးရွယ်အိုတွေကို ဦးစားပေးတဲ့ အနေနဲ့ ကိုယ်ရထားတဲ့ နေရာလေးတွေတောင် ဖယ်ပေး တတ်ကြတဲ့ လူမျိုးတွေဖြစ်ပါတယ်။ လေးစားအတုယူဖွယ်ကောင်းတဲ့ ဂျပန်လို နိုင်ငံကို သွားရရင် ဘယ်လောက် ကောင်းလေမလဲ လို့ စဉ်းစားနေမိတယ်။

ဂျပန်က ခေါ်မယ့် ဒုက္ခသည်တွေဟာ မိဘစုံလင်မိသားစု အနည်းဆုံး သားသမီး နှစ်ဦး ရှိရမယ်။ အသက် ၂၅-၄၅ ဖြစ်ရမယ် ဆိုတဲ့ စည်းကမ်းချက်အားလုံးနဲ့ အကျုံးဝင်နေတဲ့ ကျနော့်မိသားစု အနေနဲ့တော့ စိတ်ကူးယဉ် ကမ္ဘာလေး တည်ဆောက်လို့ရတာပေါ့။

ဒီလိုနဲ့ ကျနော်လည်း ဂျပန်သံရုံးကိုယ်စားလှယ်ကို သွားတွေ့တယ်။ သူတို့ ရှင်းပြတာတွေကို ဂရုတစိုက် နားစိုက် ထောင်၊ သိချင်တဲ့ အချက်အလက်တွေကိုမေးမြန်းနဲ့  ပျော်နေမိပါရဲ့။ ဂျပန်က ကျွန်းကြီး ၄၇ ကျွန်းနဲ့ဖွဲ့စည်းထား တာဖြစ်ကြောင်း လူဦးရေ ၁၂၈ သန်းရှိကြောင်း၊ ဒုက္ခသည်များကိုလည်း အခြားနိုင်ငံများနည်းတူ ပညာရေး ကျန်းမာရေး အလုပ်အကိုင် ရှာဖွေပေးရေး စသဖြင့် တာဝန်ယူကူညီ ပံ့ပိုးပေးသွားမှာ ဖြစ်ကြောင်း ရှင်းပြကြ တယ်။ မေးလိုရာတွေကိုလည်း မေးမြန်းနိုင်ကြောင်း ပြောတော့ တယောက်တမျိုးနဲ့ မေးကြလေရဲ့။ ဂျပန်သံရုံး  အင်တာဗျူးမှာ Hold နဲ့ Reject မရှိကြောင်း၊ မည်သည့်လူမျိုးမဆို လျှောက်ထားနိုင်ကြောင်း ပြောတော့ ဘဝတူ တွေအားလုံး ဝမ်းသာကြတာပေါ့။ မျှော်လင့်ချက်မဲ့နေတဲ့ အချိန်မှာ ဂျပန်နိုင်ငံဟာ ကျနော်တို့အားလုံးရဲ့ ကယ်တင်ရှင်ကြီး ဖြစ်တော့မယ်။

မြန်မာ့နိုင်ငံရေးအခြေအနေကို ကြည့်ပြီးတော့ ကမ္ဘာ့နိုင်ငံတွေရဲ့ အခင်းအကျင်းကလည်း ပြောင်းလဲလာတယ်။ အပြောင်းအလဲတွေနဲ့ အတူ ဒုက္ခသည်တွေကလည်း စည်းချက်လိုက်ပြီး ကနေရသလိုပါပဲ။ ရေနစ်တုန်း မြက်တမျှင် ကောက်ရိုးတမျှင် ဖြစ်ဖြစ် အားကိုးရမှာလို့တွေးပြီး ဂျပန်က အားလုံးကို ရင်ခုန်သံမြန်စေခဲ့တယ်။

နောက် ၂ ပတ်လောက်အကြာမှာ ဂျပန်သံရုံး နို့ဖိုးဒုက္ခသည် စခန်းထဲကို ဝင်လာတယ်။ ဂျပန်သံရုံး မရောင်ခင် ကတည်းက ဂျပန်လျှောက်မယ့် မိသားစုတွေ ရုံးရှေ့မှာ ကြိုတင်စောင့်စားနေတယ်။ အပြုံးပန်းတွေ ဝေပြီး ရင်ခုံသံတွေ မြန်နေကြလေရဲ့။ ဂျပန်သံရုံးကား ဝင်လာတော့ လမ်းဖယ်ပေးကြတယ်။ သူတို့အဖွဲ့က အင်တာဗျူး မလုပ်ခင် ခမ်းမထဲကို မိသားစုအားလုံး ဝင်လာဖို့ ဖိတ်ခေါ်ကြတယ်။ ဂျပန်နိုင်ငံအကြောင်း နောက်တခေါက် ထပ်မံ ရှင်းပြတယ်။ အချိန်အတော်လင့်ပြီး နောက်ဆုံး သူတို့ဆီက အဖြေထွက်လာတော့ အားလုံး အငိုက်မိသွား သလို အံ့အားသင့်လွန်းလို့ မျက်နှာကြီးတွေ ညိုမဲသွားလေတယ်။ တချို့ကတော့ ပွင့်အံထွက်ကုန်ကြပြီ။

“ဘာလဲဗျာ.. ကျုပ်တို့က ဒုက္ခသည် မဟုတ်ဘူးလား”

“ဘာကြောင့် ခွဲခြားဆက်ဆံ ခံရတာလည်း”

“လုံးဝ မယုံကြည်နိုင်လောက်အောင် ဖြစ်ရပါတယ်ဗျာ”  စသဖြင့် စကားသံတို့ ပွက်လောရိုက်ကုန်ကြ တော့သည်။ တာဝန်ရှိသူ ဂျပန်တို့ ပေးလိုက်သော အဖြေက “ကရင်လူမျိုးသာ ခေါ်မည်ဖြစ်ကြောင်း ထို့ကြောင့် ကရင်လူမျိုးကိုသာ အင်တာဗျူးလုပ်မည်ဟု ပြောကာ သူတို့အလုပ်ကို သူတို့ ဆက်လုပ်နေကြတော့သည်။

မျှော်လင့် အားကိုးတကြီးနှင့် လာရောက်သူ အားလုံးမှာ ကရင်လူမျိုး မဟုတ်သောကြောင့် ခေါင်းများ ငိုက်စိုက် ကျကာ တဦးကိုတဦးပင် မကြည့်နိုင်ကြတော့။ ပိဿလေးဖြင့် ဘေးအပစ်ခံလိုက်ရသည့်အလား နောက်ဆုံး ကိုယ့်အိမ်ကိုယ် ပြန်လည်ချီတက်ခဲ့ကြရသည်။

ကျနော်လည်း မှန်းချက်နဲ့ နှမ်းထွက် မကိုက်သောကြောင့် ပေါက်ကွဲလုလု စိတ်ကိုချုပ်တည်းကာ လမ်းထိပ်ရှိ ရွှေထိပ်တန်း လဘက်ရည်ဆိုင်သို့ အသော့နှင့်ခဲ့ပြီး သောက်နေကျ လဘက်ရည်ကို လှမ်းမှာလိုက်ဖြစ်သည်။ ဆိုင်အတွင်းမှ လွင့်မြောထွက်ပေါ်လာသော သီချင်းသံအဆုံး အများမမြင်အောင် ကြိတ်ပြုံးပြုံးကာ ဖြေသိမ့် လိုက်ရပါတော့သည်။

“ကံကြမ္မာဆိုတာက...ချိုတလှည့်... ခါးတလှည့်.... အခုလည်း ဒီလိုပေါ့.... အောင်မြင်လိုက်.... ရှုံးနိမ့်လိုက်....”

တိုက်တိုက်ဆိုင်ဆိုင် လဘက်ရည်ဆိုင်ရှိ စပီကာဆောင်းဘောက်မှ ထွက်ပေါ်လာသော အဆိုတော် “ဝိုင်းဝိုင်း” ရဲ့ “ဖြေသိမ့်လိုက်” တေးသီချင်းသံက ကျနော့်ကို အသိတရားတခု ပေးလိုက်သလိုလို ခံစားရပြီး ဖြစ်ခဲ့တာတွေ အတွက် ကျေနပ်ဖြေသိမ့်လိုက် မိတော့သည်..........။

အားလုံးရွှင်လန်း ချမ်းမြေ့ကြပါစေ...

အုပ်ကြီးဖေ

၂၃-၅-၂၀၁၂

 

 
Share on facebook
သူလို သတ္တိ ရှိရှိ ရင်ဆိုင်ပါ
You need Flash player 6+ and JavaScript enabled to view this video.
mod_vvisit_counterယနေ့ လည်ပတ်သူဦးရေ537
mod_vvisit_counterမနေ့က လည်ပတ်သူဦးရေ480
mod_vvisit_counterယခုလ လည်ပတ်သူဦးရေ10152
mod_vvisit_counterစုစုပေါင်း530676

We have: 3 guests, 2 bots online
Today: May 18, 2013
ယခင် စကားပြေ/၀တ္တျများ

မေတ္တာတရား ရှာပုံတော် (၀တ္ထုတို) ခင်မမမျိုးကြယ်နီတပွင်(၀တ္ထုတို) ခင်မမမျိုးပန်းပျိုးလက် (၀တ္ထုတို) ခင်မမမျိုးလူသိရှင်ကြား ၀န်ခံတဲ့စာ ညိုထက် (လမ်းသစ်ဦး)ကျနော်နဲ့ ကဗျာ ညိုထက် (လမ်းသစ်ဦး) လေဟာနယ် ညိုထက် (လမ်းသစ်ဦး) သတင်းစာ ဆရာကြီး ဦးဝင်းတင်နှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြသူများကိုဖိုးထောင် ခြေသပွတ်တိုင်လည်သွားခြင်း ခင်လွန်းခေတ်ရဲ့ သားကောင်တွေ ညိုထက် (လမ်းသစ်ဦး) သစ်ပင်များ ဘာသာပြန်သူ-ထိုက်စံ နာဂစ် မိုးထက်နေ ကြွက် ဘာသာပြန်သူ-ဟိန်း ကြွေရွက် ဘာသာပြန်သူ-ခနွေးနွေးရေ၏ဒဿန ဘာသာပြန်သူ-အောင်ငဲမေတ္တာ နှောင်ကြိုး ငြိမ်းစုဗဟိန်း သို့မဟုတ် ညီညွတ်ရေး ဗိသုကာ CPB ဗဟိုပညာရေးနှင့်ဝါဒဖြန့်ချိရေး ● သူ့ရင်တဲမှာ ရဲရင်တဲ့ စစ်သည်တော်တသန်း ယဉ်လေးမောင်ဒသမမြောက်ကျား ရဲဘော် သိန်းဝင်မီးချစ်ရောင်းတဲ့ ကောင်မလေး ရဲဘော် စိန်ထွန်း အသစ္စာ ၀င်းဆင့်ထန်းဘူတာအမှတ်-၄၅ ခင်လွန်းဘိသိတ်ခံယူပွဲ ညိုထက် (လမ်းသစ်ဦး) ဆင်းရဲသား ဌေးသိန်း ဒေါက်တာရေချမ်း ရိုက်လိမ့်မယ် ညွန်းဆက် ဆန်ရောင်းသွားတဲ့နေ့က တင်သန်းဝင်း ကျွန်တော်တို့ရဲ့ မိုးကောင်းကင် (သို့မဟုတ်) မြေရိုင်းပြင်မဲ့ သားအဖ ထက်မိုးဝဇီတိုင် ကုသ သောင်ရင်း မျှော်စငကိုဈာန်