ကိုယ်ရေး ရာဇ၀င် အကျဉ်း
ရဲဘော် ဖိုးသံချောင်း (ခ) ရဲဘော် အောင်ထက်ကို ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ မန္တလေးမြို့ တွင် မွေးဖွားခဲ့သည်။ မန္တလေး စိန့်ဂျိုးဖက်ကွန်ဗင့်တွင် သူငယ်တန်း၊ စိန်ပီတာကျောင်းတွင် ၁ တန်းမှ တက္ကသိုလ် ၀င်အထိ သင်ကြားခဲ့ပြီး ၁၉၆၀ ခုနှစ်တွင် မန္တလေး တက္ကသိုလ်ကို ရောက်ခဲ့သည်။ ၁၉၆၃ ခုနှစ် ဘီအက်စီ ပထမတန်းတက်နေစဉ် ကျောင်းသားလှုပ်ရှားမှုကြောင့် ကျောင်းထုပ်ခံရသည်။ မန္တလေးခရိုင် ဗကသ အတွင်းရေးမှူး၊ မန္တလေး တက္ကသိုလ် ကျောင်းသား ညီညွတ်ရေးတပ်ဦး တွဲဘက်အထွေထွေ အတွင်းရေးမှူး တာဝန်များယူခဲ့သည်။ ၁၉၆၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် မြေအာက်ကျောင်းသားလှုပ်ရှားမှုကြောင့် အဖမ်း ခံခဲ့ရသည်။ ၁၉၆၉ ခုနှစ်တွင် ကိုကိုးကျှန်းသို့ အပို့ခံခဲ့ရပြီး၊ ၁၉၇၂ ခုနှစ်တွင် ထောင်မှ လွတ်သည်။ ၁၉၇၆ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့တွင် ထောက်လှမ်းရေးက နေအိမ်မှ လာဖမ်းစဉ် ထွက်ပြေးကာ ဗမာပြည်ကွန် မြူနစ်ပါတီ၏ အရှေ့မြောက် စစ်ဥနချုပ်သို့ ရောက်ရှိသွားသည်။ ယခုအခါတွင် ဗမာပြည် ကွန်မြူနစ်ပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ တဦးအဖြစ် တာဝန်ယူနေသည်။
“ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သာတို့၏ သစ္စာကို စောင့်သိ ရိုသေပါမည်”
ဗမာပြည်မှာစစ်တပ် အာဏာယူထားတာ အနှစ်ငါးဆယ် တင်းတင်းပြည့်ပါတော့မယ်။
ဒါ ၁၉၅၈ ခုနှစ် ကြားဖြတ်အစိုးရ အာဏာသိမ်းထားတဲ့ ၂ နှစ်ကျော် ကာလ မပါသေး ပါဘူး။ ဗမာပြည်သားတွေ အဖို့တော့ ၅၈ ခုနှစ် တုန်းက စည်းကမ်းရှိရေးနဲ့ ငြိမ်ဝပ်ပိပြားရေး အလေးထားတဲ့ အစိုးရ၊ ၁၉၆၂ ခုနှစ်တုန်းက ဆိုရှယ်လစ်လောက တည်ဆောက်မယ့် အစိုးရ၊ ၁၉၈၈ ခုနှစ်တုန်းက နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို အလေးထားတဲ့ အစိုးရ၊ အခုအခါမှာ
လွှတ်တော် ဒီမိုရေစီ တည်ထောင်မယ့် အစိုးရ စသဖြင့် ဗိုလ်နေ၀င်း-ဗိုလ်မောင်မောင်-ဗိုလ်အောင်ကြီးတို့ စလို့ ဒီကနေ့ ဗိုလ်သိန်းစိန်-ဗိုလ်မင်းအောင်လှိုင် စသူတို့အထိ စစ်အုပ်စု အသီးသီးရဲ့ စစ်အစိုးရမျိုးစုံကို တွေ့ခဲ့ရပါတယ်။ ကြွေးကြော်သံ အမျိုးစုံကိုလည်း ကြားခဲ့ရပါတယ်။ ၁၉၅၈ ခုနှစ် ကြားဖြတ်အစိုးရနဲ့ ၁၉၆၂ဘ ခုနှစ် တော်လှန်ရေးကောင်စီ စတာတွေတုန်းက သတင်းစာအဖုံးတွေမှာ မျက်နှာထား တင်းတင်းနဲ့ စစ်ယူနီဖောင်း ၀တ်ထားသူတွေကို တွေ့ခဲ့ရပြီး မဆလ ခေတ်နဲ့ ဒီနေ့ ကာလမှာတော့ ဟန်ဆောင်အပြုံးတွေနဲ့ တိုက်ပုံဝတ်၊ ခေါင်းပေါင်း ဆောင်းထားတဲ့ ဗိုလ်ချုပ်တွေကို တွေ့ရပါတယ်။
ဗမာပြည်မှာ စစ်အစိုးရတွေတခုကနေ နောက်တခုကို ပြောင်းတာဟာ သူတို့ချင်း ကြွဲပဲပြီး ဖယ်ရှားပစ်တာ၊ ဖြုတ်ပစ်တာ မဟုတ်ဘူးဆိုတာ ဘသတိပြုသင့်ပါတယ်။ ကိုယ်ဆက်အုပ်ချုပ်လို့ မဖြစ်တော့လို့ ကိုယ်ယုံကြည်ရာ တဦးကိုည လွှဲပြောင်းပေးခဲ့တာချည်း ဖြစ်ပါတယ်။ ဒီတော့ဒီလို စစ်အုပ်စု မင်းဆက် တခုနဲ့တခု အစားထိုးရာမှာ နောက်တက်လာသူဟာ ကိုယ့်ရှေ့လူလုပ်ခဲ့တာတွေထဲ ကိုယ့်အာဏာတည်မြဲရေးအတွက် အသုံးမတည့်တော့တဲ့၊ ဒါမှမဟုတ် အတားအဆီး အနှောင့်အယှက် ဖြစ်မယ့်အရာတွေကို ဖယ်ရှားပြီး အသုံးကျမယ့် အရာတွေကို ထိန်းသိမ်းခဲ့ပါတယ်။ ဥပမာဆိုရင် န၀တ-နအဖ စစ်အုပ်စုဟာ ဗိုလ်နေ၀င်းရဲ့မဆလဆိုင်းဘုတ်ကို အမှိုက်ပုံးထဲ လွှင့်ပစ်ပြီး ဗိုလ်နေ၀င်းရဲ့တပ်မတော်သာ အမိ၊ တပ်မတော်
သာ အဖ ဆိုတာကို ဆက်လက် ထိန်းသိမ်းခဲ့ပါတယ်။ အခု ဗိုလ်သိန်းစိန်တို့ရဲ့ကြံ့ဖွတ် စစ်အုပ်စုကတော့ ဗိုလ်သန်းရွှေ လုပ်ခဲ့တဲ့ စနစ်တွေကို စွန့်ပစ်လိုက်ပြီလို့ ပြောပြီး ဗိုလ်သန်းရွှေတို့ ချမှတ်ခဲ့တဲ့ “တပ်မတော်ရဲ့ဦးဆောင်မှုအခန်း”၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စတာတွေကိုတော့ ဆက်ခံ ထိန်းသိမ်းခဲ့ပါတယ်။ တပါတည်းမှာ စကားလုံး အသုံးအနှုန်း အပြောင်းအလဲလေးတွေ တချို့ကိုလည်း သကာလူးသလို လုပ်ပေးခဲ့ပါတယ်။
အလားတူပဲ နောက်တက်တဲ့ စစ်အုပ်စုဟာ ရှေ့ကဆင်းသွားတဲ့ စစ်အုပ်စု တည်ထောင်ခဲ့တဲ့၊ ဒါမှမဟုတ် ပိုင်ဆိုင်ခဲ့တဲ့ ဥစ္စာဓနတွေကို လက်ဖျားနဲ့ မတို့ပဲ တည်ရှိခွင့်ပေးရပါတယ်။ စစ်ဗိုလ်ချင်း အားဏာလွှဲတာ မပြောနဲ့ ၁၉၅၈ ခုနှစ် ကြားဖြတ်အစိုးရကနေ ဦးနုရဲ့ပထစ အစိုးရကို အာဏာ လွှဲပေးတဲ့အခါမှာ ကြားဖြတ်အစိုးရ ကာလမှာ တည်ထောင်ခဲ့တဲ့ ဒီအက်စ်အိုင်(D.S.I.) ဘီအီးဒီစီ(B.E.D.C.) စတဲ့ စီးပွားရေး အဆောက်အအုံကြီးတွေနဲ့ အဲဒါတွေရဲ့အစွယ်အပွားတွေကို နောက် အစိုးရ က လက်ဖျားနဲ့တောင် မတို့ဝံ့ပါဘူး။ ဦးနုရဲ့အစိုးရဟာ ကတိပေး အာမခံထားသလား အောက်မေ့ရပါတယ်။ ဒါပေမဲ့ ဗိုလ်နေ၀င်း ဆိုရှယ်လစ်စကားလုံးနဲ့ ရိုက်စားလုပ်တဲ့အခါကျတော့ D.S.I., B.E.D.C. စတာတွေကို “ပြည်သူပိုင်” မသိမ်းမဖြစ် သိမ်းရပါတယ်။ ဒီအခါမှာ D.S.I., B.E.D.C. ပိသုကာတွေဖြစ်တဲ့ ဗိုလ်အောင်ကြီးတို့နဲ့ ကွဲပါတော့တယ်။ ဒါပေမဲ့ ဗိုလ်နေ၀င်းတို့ မဆလ ခေတ် ထိပ်သီးတွေ တခြား သူတို့နည်း သူတို့ဟန်တွေနဲ့ သူတို့ဓနကို တဖြည်းဖြည်း ပြန်တည်ထောင်ပါတယ်။ န၀တ-နအဖ လက်ထက်ကျတော့ ဦးပိုင်ကုမ္ပဏီ အစချီပြီး တည်ထောင်လိုက်၊ ပွားများလိုက်တာ တတိုင်းပြည်လုံး ရေပြင်၊ မြေပြင်၊ ဝေဟင်၊ သူတို့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေဟာ လက်ညှိုးထိုးမလွဲ ဖြစ်လာပါတော့တယ်။
ဒီလိုနဲ့ ဗမာပြည်မှာ စစ်အာဏာရှင်စနစ် သက်တမ်းရှည်လာတာနဲ့အမျှ ဒီစနစ်အပေါ် မှီပြီးပေါ်ပေါက်လာတဲ့ စစ်တပ်နဲ့ စစ်တပ်အသိုင်းအ၀ိုင်းတွေ ပိုင်ဆိုင်တဲ့ ဓနအဆောက်အအုံကြီးဟာလည်း ကြီးမားသထက် ကြီးမားလာတယ်လို့ ပြောရပါမယ်။ အခုဆိုရင် ဗမာနိုင်ငံ စီးပွားရေးရဲ့ ဓနဥစ္စာရာခိုင်နှုန်း ရှစ်ဆယ်လောက်ကို စစ်တပ်နဲ့ ပတ်သက်သူ၊ ပတ်သက်ဖူးသူ၊ နီးစပ်သူတွေ ပိုင်ဆိုင်တယ်ဆိုရင် မှားမယ် မထင်ပါဘူး။ ဦးပိုင်ကုမ္ပဏီ တခုတည်းရဲ့ဓနဟာ အရင် D.S.I., B.E.D.C. တို့ထက် အဆပေါင်းများစွာ ကြီးနေပါပြီ။ ဒီလို ဖြစ်လာတာရဲ့အဓိက အကြောင်းရင်းကတော့ စစ်အာဏာရှင်တွေရဲ့သက်တမ်းရှည်လာလို့ ဖြစ်ပါတယ်။
ဒါပေမဲ့ အရင်းအနှီးဆိုတာ အမြဲတိုးချဲ့နေမှ ရေရှည် တည်တံ့နိုင်တာပါ။ ဒီတော့ စစ်အုပ်စုရဲ့အရင်းအနှီးတွေ တိုးချဲ့ဖို့ စဉ်းစားရပါတယ်။ ပြည်တွင်းမှာ ထပ်မြှုပ်နှံဖို့ မလွယ်တော့ပါဘူး။ ပြည်ပကို သွားမြှုပ်နှံမှ၊ ပြည်တွင်းမှာလည်း ပြည်ပနဲ့ ပူးပေါင်း မြှုပ်နှံမှ ဆိုတဲ့ အခြေအနေ ရောက်လာပါတယ်။ ဒီအခါမှာ အနောက် နိုင်ငံတွေ ပိတ်ဆို့မှုတွေ ဖွင့်ပေးဖို့ဟာ သူတို့အတွက် သေရေးရှင်ရေးလို အရေးကြီး လာပါတော့တယ်။
တကယ်ကျတော့ တိုင်းပြည်တပြည်ကို ရာစုနှစ် တ၀က်ဆက်တိုက် အုပ်စိုးတဲ့ မင်းဆက်ဆိုတာ သမိုင်းမှာ နှယ်နှယ်ရရ မဟုတ်ပါဘူး။ ပြောရရင် ဒုတိယ ကုန်းဘောင်မင်းဆက်ထက် နှစ်ဆ ကြာပါတယ်။ ဒီလောက် အကြာကြီး အုပ်စိုးလာတော့ စစ်တပ် အထက်မှာနေတယ်ဆိုတာဟာ အစဉ်အလာတခုလို ဖြစ်လာယုံမ ခေါင်းထဲမှာ အရိုးစွဲသွားတဲ့ စဉ်းစားနည်း တခုလည်း ဖြစ်လာပါတယ်။ တပါတည်းမှာ ဒီစစ်အာဏာရှင်တွေအဖို့ ကိုယ့်ရဲ့အထက် အဆက်ဆက် စစ်အာဏာရှင်များကို လေးစား ကိုးကွယ်ရတာ၊ သူတို့ ရဲ့ဂုဏ်နဲ့ သစ္စာကို စောင့်ထိန်းရတာတွေ ပေါ်လာပါတယ်။ စစ်အာဏာရှင်တွေ တယောက်ပြီး တယောက် ပြောင်းခဲ့ပေမဲ့ သူတို့အနေနဲ့ သူတို့အရင် စစ်အာဏာရှင်တွေကို ဘယ်တော့မှ မကောင်း မပြောကြောင်း သတိထားမိကြမယ် ထင်ပါတယ်။ “ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိ ရိုသေပါမည်”ဆိုတာဟာ တပ်မတော်ကို အာဏာကိုင်ထားသူများ ဖြစ်အောင် ဖန်တီးခဲ့သူများအပေါ် သစ္စာ စောင့်သိ ရိုသေပါမယ် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
တဖက်က ပြန်ပြောရင်တော့ သူတို့ဟာ အထက် အဆက်ဆက် စစ်အုပ်စုများရဲ့ အစဉ်အလာတွေကို ထိန်းသိမ်း
တာ၊ ကာကွယ်တာ ဖြစ်တယ်လို့ ကိုယ့်ကိုယ်ကို ယူဆ လာကြပါတယ်။ ဒီလိုနဲ့ အယူသည်း ဘာသာရေး ဂိုဏ်းတွေရဲ့ အစွဲ အလမ်းမျိုးလို ဖြစ်လာကြ ပါတယ်။ သူတို့ရဲ့စဉ်စားမှု အားလုံး အခြေပြုတဲ့၊ အစပြုတဲ့ အခြေခံ တခု (mindset)တခု ဖြစ်လာပါတယ်။ စစ်တပ်ဟာ နတ်ဘုရားလို ဖြစ်လာပါတယ်။ ဒီနေ့အခါမှာ ဗိုလ်ချုပ်ဦးသိန်းစိန်ကို အမိန့် ပေးနေတာဟာ ဗိုလ်သန်းရွှေ ဖြစ်တယ်လို့ အတိအကျ မပြောနိုင်ပေမဲ့ အခုပြောခဲ့တဲ့ စစ်တပ်နတ်ဘုရားရဲ့ သစ္စာကိုတော့  သူတို့ မလွန်ဆန်နိုင်၊ မလွန်ဆန် ၀ံ့ပါဘူး။ ဒါဟာ သူတို့ အသွေးအသားထဲထိ စိမ့်ဝင်နေတဲ့ ယုံကြည်မှု တရပ်ဖြစ်နေပြီး တချို့ဆိုရင် ဒီဟာကို ရိုးရိုးသားသား ယုံကြည်နေတာလို့တောင် ပြောလို့ရမယ် ထင်ပါတယ်။
ဒါပေမဲ့ ဒီနေရာမှာ အောက်ခြေတပ်သားတွေ၊ အရာရှိငယ်တွေမှာ ဒီလို အတွေးအခေါ်၊ အယူအစွဲမျိုး မရှိဘူးဆိုတာ ထောက်ပြဖို့ လိုပါတယ်။ သူတို့ဟာ ဘာမသိ ညာမသိနဲ့ပဲ အထက် စစ်အုပ်စု အစဉ်အလာ ဆက်ခံသူတွေကို ကုန်းပိုးထားကြ ရတာပါ။ ဒီလို စစ်အုပ်စု အဆက်ဆက် ပြောင်းလဲ အုပ်စိုးနေလို့ သူတို့ဘ၀ဟာ ဘာမှ ထူးမလာပါဘူး။ သေစရာရှိရင် သေပေးရတဲ့ နေရာမှာသာ ရှိမြဲ ရှိနေပါတယ်။
ရဲဘော် ဖိုးသံချောင်း
“ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သာတို့၏ သစ္စာကို စောင့်သိ ရိုသေပါမည်”











