ဒီမိုကရေစီ လေ့လာရေး စာစဉ် ဒီမိုကရေစီ လေ့လာရေး စာစဉ် အခန်း(၅) အပိုင်း (၃)

ဒီမိုကရေစီ လေ့လာရေး စာစဉ် အခန်း(၅) အပိုင်း (၃)

User Rating: / 0
PoorBest 

ပါတီစုံစနစ်
(Multi-Partism)

ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံအများစုသည် ပါတီစုံစနစ်ကို ကျင့်သုံးလျက်ရှိကြသည်။ စင်စစ် နှစ်ပါတီစနစ်ဟု ဆိုနေကြသော အမေရိကန်၊ ဗြိတိန် နိုင်ငံများသည်ပင် ပါတီစုံစနစ် နိုင်ငံများဖြစ်ကြသည်။ အဘယ့်ကြောင့် ဆိုသော် ပါတီစုံဖွဲ့စည်းခွင့်ကို ခွင့်ပြုထားသကဲ့သို့ ပါတီငယ်များ ဖွဲ့စည်းပေါ်ပေါက် နေကြခြင်းဖြစ်သည်။ စစ်တမ်းတခုအရ ၁၉၇၉ ခုနှစ် ဗြိတိန်နိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် လစ်ဘရယ်ပါတီသည် တနိုင်ငံလုံး မဲဆန္ဒ (၁၃.၈) ရာနှုန်းရပြီး အမတ်နေရာ (၁၁) နေရာအနိုင်ရခဲ့သော်လည်း ဗြိတိန်နိုင်ငံရေးတွင် အရေးပါမှုမရှိဘဲ ဖြစ်နေသည်။ ထိုကဲ့သို့ပင် အနည်းအကျဉ်း အနိုင်ရသော ပါတီများနှင့် အမတ်နေရာ လုံးဝမရေသော ပါတီများ အပါအ၀င်ဆိုလျှင် ဗြိတိန်နိုင်ငံတွင် ပါတီ(၁၀) ခုရှိသည်။ ဗြိတိန်နိုင်ငံ၏ နိုင်ငံရေး ဈေးကွက်ကို ပါတီကြီးနှစ်ခုတည်းက အပိုင်စီးနေရာယူထားခြင်းကို အကြောင်းပြု၍သာ နှစ်ပါတီစနစ်ဟု ခေါ်ကြခြင်းဖြစ်သည်။ အမေရိကန် ပြည်ထောင်စုတွင်လည်း ထို့အတူပင်ဖြစ်သည်။ ဗြိတိန်နှင့် ကွာခြားသော အချက်မှာ ရီပါဘရစ်ကန်နှင့် ဒီမိုကရက်ပါတီကြီး နှစ်ခုမှလွဲလျှင် အမေရိကန် နိုင်ငံတွင် အခြားပါတီငယ်များ လုံးဝ မတိုးနိုင်ခြင်းဖြစ်သည်။ သို့သော် အမေရိကန် ပြည်ထောင်စုတွင်လည်း အခြားသော ပါတီငယ်များ ရှိနေသဖြင့် အနှစ်သာရအားဖြင့် ပါတီစုံစနစ်ဖြစ်ပြီ လက်တွေ့အားဖြင့်  နှစ်ပါတီစနစ်ဖြစ်သည်။ ပါတီစုံစနစ်ကို လမ်းဖွင့်ထားပြီး လက်တွေ့တွင် နှစ်ပါတီစနစ်ဖြစ်လာသော ဗြိတိန်နှင့် အမေရိကန် နိုင်ငံတို့သည် ထိုသို့ဖြစ်နိုင် ခြင်းကို အထောက်အကူဖြစ်စေသည့် နိုင်ငံရေးကျောထောက်နောက်ခံ (Political Culture) ကြောင့်ဖြစ်သည်။ ထိုသို့သော  နိုင်ငံရေး ကျော်ထောက် နောက်ခံ သည် နိုင်ငံအားလုံးတွင် တပြေးညီ တူညီနေသည်ကား မဟုတ်ပါ။ ကွဲပြားခြားနားသော လူမျိုးများ စုပေါင်းနေထိုင်မှု၊ ဘာသာစုံစုပေါင်းနေထိုင်မှု၊ နိုင်ငံနှင့် နိုင်ငံအတွင်း စုပေါင်းနေထိုင်သူတို့၏ နောက်ခံသမိုင်းကြောင်း ကွဲပြားမှုတို့ကြောင့် နိုင်ငံရေးနယ်ပယ်ကို လွှမ်းမိုးသည့် နိုင်ငံရေး ကျောထောက်နောက်ခံ ကွဲပြားခြားနားစွာ ဖြစ်ပေါ်ရသည်။ ထိုသို့သော နိုင်ငံရေး ကျောထောက် နောက်ခံ ကြောင့်လည်း ပါတီစုံစနစ် ဖြစ်ပေါ်ရေးကို များစွာ တွန်းအားပေးလျက်ရှိသည် ကိုတွေ့ရသည်။

အိန္ဒိယနိုင်ငံ၏ နိုင်ငံရေး ကျောထောက်နောက်ခံသည် ဗြိတိန် ၊အမေရိကန် ပြည်ထောင်စုတို့နှင့် ခြားနား ပါသည်။ အိန္ဒိယနိုင်ငံတွင် ဘာသာစကားအရ သော်လည်းကောင်း၊ ဘာသာရေးအရ သော်လည်းကောင်း၊ နိုင်ငံရေး သက်ဝင်ယုံကြည်မှုအရ သောလည်းကောင်း ကွဲပြားခြားနားသော လူမျိုးများ စုပေါင်းနေထိုင်လျက် ရှိကြသည်။ ထိုအခြေအနေသည် အိန္ဒိယနိုင်ငံတွင် ပါတီစုံစနစ် ဖြစ်ပေါ်ရေးအတွက် အကြောင်းတရား ဖြစ်လာသည်။ အိန္ဒိယနိုင်ငံ၏ ဗဟိုအဆင့် ဥပဒေပြု လွှတ်တော်တွင် ပါတီပေါင်း (၃၀) ကျော် ကိုယ်စားပြု ပါဝင်လျက်ရှိကြသည်။ ဒေသန္တရာအဆင့်တွင် မူပါတီပေါင်း (၆၀) ကျော် နိုင်ငံရေးနယ်ပယ်တွင် ရပ်တည်လျက် ရှိသည်။ ထိုမျှ များပြားသော အိန္ဒိယ ပါတီများသည် လူမျိုးကိုသော်လည်းကောင်း၊ ဒေသန္တ အုပ်စုများကို သော်လည်းကောင်း၊ ကွဲပြားခြားနားသော နိုင်ငံရေး အတွေးအခေါ်များကို သော်လည်းကောင်း အခြေခံထား ကြသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့လက်ထက်၌ နိုင်ငံရေးပါတီ မြောက်များစွာ ဖွဲ့စည်းပေါ်ပေါက်လာခြင်းသည် နိုင်ငံရေးကျောထောက်နောက်ခံ၏ ထင်ဟပ်မှု များဖြစ်သည်။ ထိုပါတီများထဲတွင် တိုင်းရင်းသားလူမျိုး အခြေခံနိုင်ငံရေးပါတီများသည် မြန်မာ့နိုင်ငံရေး ကျောထောက်နောက်ခံ ထဲမှ တိုင်းရင်းသား လူမျိုးများ ရောပြွမ်းနေထိုင်မှုကို ထင်ဟပ်ပါသည်။အချို့သော နိုင်ငံရေးပါတီများသည် နိုင်ငံရေး အယူဝါဒကို ထင်ဟပ်ပါသည်။ သို့သော် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးလက်ထက်၌ ပေါ်ပေါက်ခဲ့သော နိုင်ငံရေးပါတီ အများစုကြီးမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုင်းဘုတ်များတတ်ကာ ပေါ်ပေါက်လာရခြင်းမှာ မြန်မာစစ်အာဏာရှင်များ၏ ဖိနှိပ်မှုကြောင့် ဖြစ်ပေါ်ရသော စိတ်ခံစားမှု(Emotion) မှ တိမ်းညွတ်မှု (Propensity) ကို ထင်ဟပ်သော နိုင်ငံရေး ကျောထောက်နောက်ခံကြောင့် ဖြစ်ရသည်။
ဂျာမဏီ၊ ဆွီဒင်ကဲ့သို့သော နိုင်ငံများတွင် ပါတီစုံစနစ် ပေါ်ထွန်းရန်အတွက် တွန်းအားပေးသော နိုင်ငံရေး ကျောထောက်နောက်ခံမှာ အိန္ဒိယ မြန်မာကဲ့သို့သော နိုင်ငံများနှင့်မတူ ခြားနားနေပြန်သည်။ ထိုနိုင်ငံများတွင် လူမျိုးရေးနှင့် ဘာသာရေးအရ ကွဲပြားခြားနားမှု မရှိကြဘဲ အများအားဖြင့် နိုင်ငံရေး အတွေးအခေါ်ကိုသာ အခြေပြု၍ နိုင်ငံရေးပါတီများ ဖွဲ့စည်းပေါ်ပေါက်လာကြသည်။
နှစ်ပါတီစနစ်တွင် ရရှိခံစားနိုင်သော အကျိုးကျေးဇူးများသည် ပါတီစုံစနစ်တွင် ရရှိနိုင်ရန် မလွယ်ခြင်း ကြောင့် အချို့က ပါတီစုံစနစ်ကို ဝေဖန်မှုများရှိကြသည်။ သို့ရာတွင် အထက်၌ တင်ပြခဲ့သည့် အတိုင်း ပါတီစုံစနစ်သည် နိုင်ငံရေး လိုအပ်ချက်အရသာ ဖြစ်ပေါ်လာရသဖြင့် အားနည်းချက်ကို ထောက်ပြရုံမျှဖြင့် ထိုစနစ်ကို ကျင့်သုံးရန် ငြင်းဆန်နိုင်မည် မဟုတ်ပါ။ ပါတီစုံစနစ် ကျင့်သုံးရန်တောင်းဆို နေသောနိုင်ငံ တခုတွင် မကျင့်သုံးရဟု တားမြစ်ပိတ်ပင်မှုကြောင့် ဖြစ်ပေါ်မည့် နောက်ဆက်တွဲ  အကျိုးအပြစ်များက ထိုစနစ် ကျင့်သုံးခြင်းကြောင့် ဖြစ်ပေါ်မည့် အကျိုးအပြစ်ထက် ပို၍ ကြီးမားပေလိမ့်မည်။

ပါတီစုံစနစ် ကျင့်သုံးသော နိုင်ငံတိုင်းတွင် ဒီမိုကရေစီ မတည်မငြိမ်မှုများ ရင်ဆိုင်ရမည်ဟူ၍ကား မပြောနိုင်ပါ။ ဆွစ်ဇာလန်၊ ဆွီဒင်၊ ဂျာမဏီကဲ့သို့သော နိုင်ငံများသည် ပါတီစုံစနစ်ကို အောင်အောင် မြင်မြင် ကျင့်သုံးနေသော နိုင်ငံများဖြစ်ကြသည်။ ပါတီစုံစနစ် အောင်မြင်ရေး၊ မအောင်မြင်ရေးသည် ထိုနိုင်ငံတွင်ရှိသော ပြည်သူများ၏ ဒီမိုကရေစီ အခွင့်အရေး ကျင့်သုံးမှု တည်ငြိမ်ခြင်း၊ မတည်ငြိမ်ခြင်း အပေါ်တွင်လည်း မူတည်ပါသည်။ တဖန် ပြည်သူများ၏ ဒီမိုကရေစီ အခွင့်အရေး ကျင့်သုံးမှု တည်ငြိမ်မှုရှိရေး ဆိုသည်မှာလည်း နေ့ချင်းညချင်း အလျှင်အမြန် ရရှိနိုင်သော အခြေအနေမျိုး မဟုတ်ပေ။ ပြည်သူများအနေဖြင့် နှစ်ရှည်လများ လွတ်လပ်မှု အခွင့်အရေးကို ကျင့်သုံးပြီမှ တည်ငြိမ်လာခြင်း ဖြစ်သည်။ လွတ်လပ်မှု အခွင့်အရေး သက်သက် ဦးတည်ခြင်းသည် အပျက်သဘော လွတ်လပ်မှု ဖြစ်ကြောင်း၊ ထိုအခွင့်အရေးကို နှစ်ရှည်လများ ပြည်သူများ ကျင့်သုံးပြီးသောအခါ အလိုအလျောက် သိလာကြသည်။ ထိုအခါ အပြုသဘော လွတ်လပ်မှုကို ပြည်သူများ လက်ခံဖော်ထုတ် ကျင့်သုံးလာကြသည်။ အပြုသဘော လွတ်လပ်မှုကို ပြည်သူများ လက်ခံကျင့်သုံးနိုင်ပါမှ တည်ငြိမ်သော ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ထိုအခြေအနေသို့ ရောက်သော အခါ ပါတီစုံစနစ်သည် တည်ငြိမ်သော ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ထိခိုက်စေမည် မဟုတ်ပေ။
ပါတီစုံစနစ်၊ ဒီမိုကရေစီစနစ် ကျင့်သုံးရန် လိုအပ်လာရခြင်း အကြောင်းအရင်းများထဲ ထိုစနစ်အရ ပေါ်ပေါက်လာသော နိုင်ငံရေးပါတီထံများသို့ နိုင်ငံတခုလုံးရှိ အာဏာများ မျှတသင့်သင့် လျှောက်ပတ်စွာ ဖြန့်ကျက်ထားရန် လိုအပ်ချက်ကြောင့်လည်း ဖြစ်သည်။ အထူးသဖြင့် ဗဟုဝုဒ် လူ့အဖွဲ့အစည်းများအတွက် ထိုလိုအပ်ချက်မှာ ပို၍ သိသာနေသည်။ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သည် လူ့အဖွဲ့အစည်းအတွင် အာဏာများကို ခွဲဝေအုပ်ချုပ်ခြင်းဖြစ်ရာ ထိုသို့အာဏာခွဲဝေမှုသည် နိုင်ငံရေးပါတီများ နိုင်ငံရေးတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်းနှင့်လည်း သက်ဆိုင်နေသည်။ ပါတီတခုတည်းက အင်းအားကောင်းပြီး နိုင်ငံရေးကို လက်ဝါးကြီးအုပ်ထားခြင်းသည် ပါတီစုံအမည်ခံ တပါတီအုပ်ချုပ်ရေးစနစ် ဖြစ်လာနိုင်သည်။ အာဏာရ ပါတီတခုက အလွန်အကျွံ အပြတ်အသက် မဲအများစု (Extreme Majority) ဖြင့် အနိုင်ရခြင်းမျိုးသည် နှစ်ရှည် လများ ဖြစ်နေပါက တပါတီ အုပ်ချုပ်ရေးစနစ် ဖြစ်လာနိုင်ပြီး ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ထိခိုက်စေနိုင်သည်။ ထိုသို့ မဖြစ်စေရန် အနိုင်ပါတီ ဖြင့်လင့်ကစား အပြတ်အသက် အလွန်အကျွံ အနိုင်ရခြင်းမျိုးထက် အစိုးရဖွဲ့နိုင်သော မဲမျှကိုသာ အနိုင်ရစေပြီး အတိုက်အခံပါတီများလည်း အင်အား ကောင်းစွာဖြင့် ရပ်တည်ခွင့်ရအောင် ရွေးချယ်တင်မြှောက်ပုံ စနစ်အရ ပါတီတခုတည်း၏ လက်ထဲတွင် အပြတ်အသတ် တည်ရှိနေပါက အာဏာရပါတီမှသည် အာဏာရှင်ပါတီအဖြစ် ဦးတည်သွားနိုင်ပြီး အတိုက်အခံက အင်အားကောင်းနေလျှင် ထိုသို့ဖြစ်ခြင်းမျိုးမှ ကာကွယ်နိုင်သည်။ ထို့ကြောင့် အတိုက်အခံ ပါတီများကိုပါ အာဏာရှိစေမည့် ပါတီစနစ် ဖော်ဆောင်နိုင်ပါက ခိုင်မာသော ဒီမိုကရေစီစနစ်ကို ရစေနိုင်မည်။

ရွေးချယ်တင်မြှောက်ပုံစနစ်
(Electioral System)

နှစ်ပါတီစနစ် သို့မဟုတ် ပါတီစုံစနစ်ကျင့်သုံးခြင်းနှင့် ဆက်စပ်နေသော အကြောင်းခြင်းရာ တခုမှာ ပါလီမန် အထွေထွေရွေးကောက်ပွဲတွင် ကျင့်သုံးသော ရွေးချယ်တင်မြှောက်ပုံ စနစ်ဖြစ်သည်။ ကျင့်သုံးသော ပါတီစနစ်နှင့် လိုက်လျောညီထွေဖြစ်မည့် ရွေးချယ်တင်မြှောက်ပုံစနစ်ကို ရွေးချယ်ကျင့်သုံးကြသည်။ နှစ်ပါတီစနစ်ကို ကျင့်သုံးကြသည်။ နှစ်ပါတီစနစ်ကို ကျင့်သုံးသော အမေရိကန်၊ ဗြိတိန်နိုင်ငံများတွင် ကျင့်သုံးကြသော ရွေးချယ်တင်မြှောက်ပုံ စနစ်သည် ပါတီစုံစနစ် ကျင့်သုံးသော ဥရောပနိုင်ငံ အတော် များများတွင် တွေ့ရသော ရွေးချယ်တင်မြှောက်ပုံ စနစ်နှင့် ခြားနားပါသည်။ အပြန်အလှန် သဘောဆန်ဆန်ပင် ရွေးချယ်တင်မြှောက်ပုံ စနစ်ကလည်း နှစ်ပါတီစနစ် သို့မဟုတ် ပါတီစုံစနစ် ကျင့်သုံးရေးကို ပြဌာန်းပေးတတ် ပါသည်။ ဥပမာ-ဗြိတိန်နိုင်ငံတွင် လက်ရှိကျင့်သုံးနေသော ရွေးချယ်တင်မြှောက်ပုံ စနစ်ကို ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန် ၊ ဂျာမဏီ နိုင်ငံတို့တွင် ကျင့်သုံးသော ရွေးချယ်တင်မြှောက်ပုံ စနစ်သို့ ပြောင်းလိုက်ပါက ဗြိတိန်ကို ပါတီစုံစနစ် ကျင့်သုံးသော နိုင်ငံအဖြစ်သေချာပေါက် ရည်ညွှန်းရပေလိမ့်မည်။ ထို့ကြောင့် ပါတီစနစ်ကျင့်သုံးခြင်း နှင့်အတူ ရွေးချယ်တင်မြှောက်ပုံ စနစ်အကြောင်းကို လေ့လာရန် လိုအပ်ပါသည်။

ကမ္ဘာ့နိုင်ငံများတွင် ကျင့်သုံးနေသော ရွေးချယ်တင်မြှောက်ပုံ စနစ်ကို အကြမ်းဖျဉ်းအားဖြင့် နှစ်မျိုး ခွဲထားသည်။ ၄င်းတို့မှာ မဲအများစုစနစ် (Majority System)နှင့် အချိုးကျ ကိုယ်စားပြုစနစ် (Propotional Representation) တို့ ဖြစ်သည်။ သို့ရာတွင် လက်တွေ့ ကျင့်သုံးရာ၌ အများအားဖြင့် ထိုနှစ်မျိုးမှ ဆင့်ပွားလာသော စနစ်များကိုလည်း အသုံးပြုကြသည်ကို တွေ့ရသည်။ ထို့ကြောင့် ထိုနှစ်မျိုးစီးအကြောင်းကို လေ့လာခြင်းနှင့်အတူ ဆင့်ပွားစနစ်များ အကြောင်းကိုပါ ယှဉ်တွဲ လေ့လာသင့်ပေသည်။

ဆက်လက်ဖေါ်ပြသွားပါမည်။
ABSDF မှထုတ်ဝေသော ဒီမိုကရေစီ လေ့လာရေးစာစဉ်မှ ကူးယူဖေါ်ပြပါသည်။

 
Share on facebook
သူလို သတ္တိ ရှိရှိ ရင်ဆိုင်ပါ
You need Flash player 6+ and JavaScript enabled to view this video.
mod_vvisit_counterယနေ့ လည်ပတ်သူဦးရေ172
mod_vvisit_counterမနေ့က လည်ပတ်သူဦးရေ480
mod_vvisit_counterယခုလ လည်ပတ်သူဦးရေ9787
mod_vvisit_counterစုစုပေါင်း530311

We have: 9 guests, 3 bots online
Today: May 18, 2013