ဒီမိုကရေစီ လေ့လာရေး စာစဉ် ဒီမိုကရေစီ လေ့လာရေး စာစဉ် အခန်း(၅) အပိုင်း (၂)

ဒီမိုကရေစီ လေ့လာရေး စာစဉ် အခန်း(၅) အပိုင်း (၂)

User Rating: / 0
PoorBest 

နှစ်ပါတီစနစ်
(Two-Partism)

ဒီမိုကရေစီ နိုင်ငံများတွင် တပါတီစနစ် (Single Party System) ကို ကျင့်သုံးလေ့မရှိပါ။ နှစ်ပါတီ စနစ်ကို သော်လည်းကောင်း၊ ပါတီစုံစနစ် (Multi-Party System) ကိုသော်လည်းကောင်း ကျင့်သုံးကြပါသည်။ ဦးစားပေး ပထမ နှစ်ပါတီစနစ် ကျင့်သုံးခြင်းအကြောင်းကို တင်ပြလိုပါသည်။

နှစ်ပါတီစနစ်ကို ကျင့်သုံးသော နိုင်ငံအဖြစ် အကောင်းဆုံး နမှုနာပြရလျှင် အမေရိကန် ပြည်ထောင်စု ပင်ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုတွင် ရီပါဘရစ်ကန် (Republican) ပါတီနှင့် ဒီမိုကရေ (Democray) ပါတီ နှစ်ခုသာရှိသညါ။ ပါတီများ များပြားစွာ ပေါ်ထွန်းလာရေးကို ပြည်သူများက အားမပေးချေ။ ထိုသို့ အားမပေးရခြင်းမှာ ပါတီအများအပြားနှင့် တည်ငြိမ်သော အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်ရာတွင် အခက်အခဲ များ ပို၍ကြုံရနိုင်သည်ကို အမေရိကန် ပြည်သူများက သိထားနှင့်သကဲ့သို့ နှစ်ပါတီထက်ပိုသော စနစ်ကို ကျင့်သုံးရန် လိုအပ်သော အကြောင်းအရင်းများ မရှိခြင်းကြောင့်လည်း ဖြစ်သည်။ သို့သော် အခြားပါတီများ ထူထောင်ဖွဲ့စည်းခွင့်ကိုကား ပိတ်ပင်ထားခြင်းမျိုး မဟုတ်ပေ။ ဗြိတိန်နိုင်ငံကိုလည်း နှစ်ပါတီစနစ် ကျင့်သုံးသော နိုင်ငံအဖြစ် သုတေသီအချို့ကဆိုသည်။ အဘယ်ကြေင့်ဆိုသော် ဗြိတိန်နိုင်ငံ၏ နိုင်ငံရေးကို ကွန်ဆာဗေး တစ်ပါတီ (Conservative Party) နှင့်လေဘာတီ (Labour Party) နှစ်ခုကသာ အုပ်စီးထားနိုင်ခြင်းကြောင့် ဖြစ်သည်။ သို့ရာတွင် ဗြိတိန်နိုင်ငံ၏ နှစ်ပါတီစနစ်သည် အမေရိကန်တွင် သမတရွေးကောက်ပွဲကို နှစ်ပါတီစနစ် နှင့်ကားခြားနားပြန်ပါသည်။ အမေရိကန် ပြည်ထောင်စုတွင် သမတရွေးချယ်ကောက်ပွဲကို ပါတီနှစ်ခုမှ ကိုယ်စားလှယ်လောင်းများကသာ ၁၈၂၅ ခုနှစ်နောက်ပိုင်းမှစ၍ အုပ်စီးထားခဲ့သည်။ တသီးပုဂ္ဂလများကို ရွေးချယ်တင်မြှောက်ခံခွင့် ပေးထားသော်လည်း ယခုအချိန်ထိ ပါတီမှ ကင်းလွတ်သော တသီးပုဂ္ဂလ သမတ အရွေးခံရခြင်းမျိုး မရှိသေးပေ။ ဥပဒေပြုကွန်ဂရက် လွှတ်တော်တွင်းလည်း ပါတီကြီးနှစ်ခု အမတ်များသာ အရွေးခံကြရသည်။ ဤသို့ဖြစ်ရခြင်းတွင် အခြားပါတီများအားဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ပိတ်ပင်ထားခြင်း မဟုတ်ဘဲလျက် ပါတီနှစ်တည်းကသာ အသားစီးရယူထားနိုင်ခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံတွင်မှု ပါလီမန် အောက်လွှတ်တော်တွင် အများအားဖြင့် ကွန်ဆာဗေးတစ် ပါတီနှင့် လေဘာပါတီတို့က တခုကအနိုင်ရလျှင် ကျန်တခုက အဓိက အတိုက်အခံအဖြစ် အသားစီး ရယူထားသော်လည်း အခြားသော ပါတီငယ်များသည်လည်း အမတ်နေရာအချို့ကို အနိုင်ရလျက်ရှိကြသည်။ အမေရိကန် ပြည်ထောင်စုကဲ့သို့ နှစ်ပါတီတည်းကသာ နိုင်ငံရေးကို လွှမ်းမိုးထားခြင်းမဟုတ်ဘဲ ပါတီငယ်များကပါ အတိုက်အခံများအဖြစ် ဗြိတိသျှနိုင်ငံရေးတွင် ပါဝင်လျက်ရှိကြသည်။

 

နှစ်ပါတီစနစ်ကျင့်သုံးခြင်း၏ ကောင်းကျိုးများ
(Advantages of Two-Partism)

ရွေးချယ်ရန် ပါတီနှစ်ခုတည်းသာ ရှိပါက ပြည်သူလူထု ရွေးချယ်ရန် လွယ်ကူခြင်းသည် ပထမအကျိုး ကျေးဇူး ဖြစ်သည်။ ပါတီနှစ်ခုတည်းမှ ပြည်သူလူထုထံ အပြိုင်အဆိုင် ချပြစည်းရုံးလာသော ပြည်သူ့အကျိုးပြု ပေါ်လစီများကို ပြည်သူလူထုက အလွယ်တကူ နှိုင်းယှဉ်သိရှိနိုင်ခြင်းဖြင့် ရွေးချယ်မှုကို လွယ်ကူစေပါသည်။
ဒုတိယ အကျိုးကျေးဇူးမှာ တည်ငြိမ်သော အစိုးရ ဖွဲ့စည်းနိုင်ခြင်းဖြစ်သည်။ အထူးသဖြင့် ပါလီမန် ဒီမိုကရေစီ (Parliamentary Democracy) ခေါ် အောက်လွှတ်တော်ကို အခြေခံဖွဲ့စည်းသည့် အစိုးရ ပုံသဏ္ဌာန် ရှိသည့် နိုင်ငံများတွင် တည်ငြိမ်သော အစိုးရတရပ်ဖွဲ့စည်းနိုင်ရေးမှာ ပါတီနှစ်ခုတည်း၏ ယှဉ်ပြိုင်မှုရလဒ်က များစွာအထောက် အကူပြုသည်။ ပါတီနှစ်ခုတည်းက ကိုယ်စားလှယ်များကသာ ရွေးကောက်ပွဲများတွင် ယှဉ်ပြိုင်လျှင် ပါတီတခုက ထက်ဝက်ကျော် အနိုင်ရလျှင် ကျန်ပါတီက အတိုက်အခံ ဖြစ်လာမည်။ အနိုင်ရပါတီ သည်။အနိုင်ရပါတီသည် တည်ငြိမ်သော အစိုးရကိုဖွဲ့ စည်းနိုင်ပေမည်။ ဗြိတိန်နိုင်ငံတွင် ကွန်ဆာဗေးတပါတီနှင့် လေဘာပါတီ နှစ်ခုတည်းက ရွေးကောက်ပွဲတွင် အဓိကအခန်းကဏ္ဍမှ ပါဝင် ယှဉ်ပြိုင်နေကြပြီး ပါတီတခုခုက အနိုင်ရနေခြင်းဖြစ်ရာ တည်ငြိမ်သော အစိုးရများကို ဖွဲ့စည်းနိုင်သည်။
တတိယ အကျိုးကျေးဇူးမှာ သာမန် မဲအများစုစနစ်ကို ရွေးချယ်တင်မြှောက်ပုံ စနစ်အဖြစ် အသုံးပြုသေ နိုင်ငံများတွင် နှစ်ပါတီစနစ်သည် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ကို ပို၍ခိုင်မာစေသည်။ အဘယ့်ကြောင့်ဆိုသော် သာမန်မဲအများစု ရွေးချယ် တင်မြှောက်ပုံစနစ်အရ ရွေးချယ်ရန် ပါတီ သုံးခု သို့မဟုတ် ထိုထက်ပိုသော ပါတီများ၏ ကိုယ်စားလှယ်လောင်းများကို မဲပေးရပါက အဖြစ်များတတ်သည်မှာ မဲဆန္ဒရှင်များ၏ ထက်ဝက်ကျော် ထောက်ခံမှု မရရှိပါဘဲနှင့် အရွေးခံရခြင်းဖြစ်သည်။ ထိုအခြေအနေမျိုးတွင် အများစုဖြစ်သော ထက်ဝက်ကျော် ဆန္ဒမဲများမှ ပြည်သူ့အုပ်ချုပ် ပေါ်လစီချမှတ်ရာတွင် ဆုံးရှုံးရတတ်သည်။ ထိုအခါ အများစု ဆန္ဒအရ အုပ်ချုပ်သော ဒီမိုကရေစီစနစ်မှာ မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။ အကယ်၍ နှစ်ပါတီစနစ်ကိုသာ ကျင့်သုံးပါက အနိုင်ရသော ပါတီ၏ ကိုယ်စားလှယ်သည် ဆန္ဒမဲ၏ ထက်ဝက်ကျော်ကို ရရှိမည်မှာ မလွဲဧကန် ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် ဗြိတိန်ကဲ့သို့ပင် ပါလီမန်အစိုးရ ပုံစံရှိသော နိုင်ငံဖြစ်ပြီး ရာဂျစ် ဂန္ဒီလက်ထက် အထိ အိန္ဒိယ နိုင်ငံရေးကို ကွန်ဂရက်ပါတီ တခုတည်းက လက်ဝါးကြီး အုပ်ထားခဲ့သည်။ အချို့နိုင်ငံရေး သုတေသီများက အိန္ဒိယနိုင်ငံသည် တပါတီစနစ်ဟုပင် ခေါ်ထိုက်သည်ဟု ဝေဖန်ကြသည်။ တည်ငြိမ်သော အစိုးရဖွဲ့စည်းရေးဟူသော အစိုးရ ရှုထောင့်မှကြည့်လျှင် ထိုသို့ ပါတီတခုတည်းက အနိုင်ရပြီး အစိုးရဖွဲ့စည်းနိုင်ခြင်း မှာ အကောင်းဆုံးဖြစ်သည်။ သို့သော် အိန္ဒိယတွင် ကွန်ဂရက်ပါတီ အနိုင်ရနေခြင်းသည် နှစ်ပါတီစနစ် ယှဉ်ပြိုင်၏ ရလဒ်မဟုတ်ဘဲ ပါတီစုံစနစ် ယှဉ်ပြိုင်ခြင်း၏ ရလဒ်ဖြစ်သဖြင့် အတိုက်အခံဘက်တွင်မှု  ညွန့်ပေါင်း ဖြစ်သွားလေတော့သည်။ အတိုက်အခံ ညွန့်ပေါင်းဖြစ်နေလျှင် အိန္ဒိယကဲ့သို့သော် ပါတီစုံစနစ်မှာလည်း အဓိပ္ပါယ်မဲ့ပြီး တပါတီစနစ်ဟုပင် တချို့ဝေဖန်ကြသည်။ နှစ်ပါတီစနစ်တွင်မှု အစိုးရက တပါတီ၊ အတိုက်အခံက တပါတီဖြစ်သည်။ မည်သည့်ဘက်ကမျှ ညွန့်ပေါင်းဖွဲ့ရန် မလိုသဖြင့် ထိုပါတီများ၏ ပေါ်လစီ အဆိုးအကောင်းကို လိုက်၍ နိုင်ငံရေး အလှည့်အပြောင်းကို ပြည်သူလူထုက အလွယ်တကူ လုပ်နိုင်သည်။ အိန္ဒိနိုင်ငံတွင် ရာဂျစ်ဂန္ဒီ လုပ်ကြံမခံရမီ အချိန်ကလေးတွင် အတိုက်အခံ ညွန့်ပေါင်းအဖွဲ့က ကွန်ဂရက်ပါတီကို အနိုင်ရသော်လည်း တည်ငြိမ်သော အစိုးရဖွဲ့စည်းရေးကို များစွားအဟန့်အတား ပြုလျှက်ရှိသည်။ မူဝါဒ မတူသော ပါတီပေါင်းစုံသည် ကွန်ဂရက်ပါတီကို အတိုက်အခံပြုရာတွင်သာ တူညီကြပြီး အစိုးရမူဝါဒများ ချမှတ်ရန်အတွက်မှု ညီညွတ်ခြင်း မရှိကြပေ။ ထိုအတိုက်အခံ ညွန့်ပေါင်းအဖွဲ့ (Conalition Opposition) က အစိုးရဖြစ်လာသောအခါ မတည်မငြိမ်ဖြစ်ကာ အစိုးရအဖွဲ့၏ ၀န်ကြီးချုပ်သည်လည်း မကြာခဏဆိုသလို အယုံအကြည်မရှိအဆို (Noun-Confidence) တင်သွင်းခံရသည်။ ထို့ကြောင့် ပါလီမန် ဒီမိုကရေစီ အစိုးရရှိသောနိုင်ငံများတွင် နှစ်ပါတီစနစ်သည် အစိုးရတည်ငြိမ်ရေးကို များစွားအထောက်အကူ ပြုသည်။
စတုတ္ထ အကျိုးကျေးဇူးမှာ နိုင်ငံကို ဦးဆောင်အုပ်ချုပ်ရာတွင် တာဝန်ခံမှု အပြည့်အ၀နှင့် အတိကအကျ ရှိရမည့်စနစ်ကို အထောက်အကူ ဖြစ်စေသည်။ ပါတီနှစ်ခုအနက် တခုကို နိုင်ငံကို အုပ်ချုပ်ရန် ပြည်သူထူထုက ရွေးချယ်ပေးလိုက်ရာတွင် နိင်ငံကိုအုပ်ချုပ်ခွင့်ရသော ပါတီသည် တာဝန်ခံမှုလည်း အပြည့်အ၀ရှိသည်။ ပါတီစုံစနစ်ကြောင့် ညွန့်ပေါင်းအစိုးရ တရပ်ကို မွေထုတ်ပေးလိုက်ပါက တာဝန်ခံမှုအရာတွင် ပြတ်ပြတ်သားသား မရှိတတ်ပေ။ ပြည်သူ့အကျိုးပြု မူဝါဒများ ချမှတ်ပေးမည့် ပါတီများကို ပြည်သူလူထုက ရွေးချယ်ပေးသလို အစိုးရပေါ်လစီ အသီးသီအတွက် ပြည်လန်တာဝန်ခံရမည့် ပါတီကိုလည်း ပြည်သူလူထုက အတိအကျ သိရှိထားရန် လိုအပ်သည်။ နှစ်ပါတီစနစ်ကို ကျင့်သုံးသော နိုင်ငံများတွင် အစိုးရပေါ်လစီ မူဝါဒများအပေါ် ပါတီတခုတည်းက ပြတ်ပြတ်သားသား တာဝန်ခံရပါသည်။ ဤသို့ တာဝန်ခံမှုနှင့် ပတ်သတ်၍ အမေရိကန် ပြည်ထောင်စု သမတ ၀ဲလ်ဆင် (Woodrow Wilson, 1856-1924) က ၁၈၈၅ ခုနှစ်တွင် ၄င်းရေးသား ထုတ်ဝေသော ကွန်ဂရက် အစိုးရ (Congress Government) အမည်ရှိ အစာအုပ်တွင် “အစိုးရ လုပ်ငန်းဆောင်တာ ကိစ္စများကို ပြည်သူလူထုက ယုံကြည်ပေးကာ လုပ်ခွင့်ပြုရမည် ဖြစ်သလို အစိုးရအနေဖြင့် အမှား ကျူးလွန်ပါက မည်သည့်ပုဂ္ဂိုလ်၊ ပါတီကို အပြစ်ပေးရမည် ဆိုသည်ကိုလည်း အလွယ်တကူ သိရန်လိုသည်” ဟု ရေးသား ဖော်ပြခဲ့ဖူးသည်။
အထက်၌ တင်ပြခဲ့သော နှစ်ပါတီစနစ်၏ ကောင်းကျိုးများသည် သက်ဆိုင်ရာနိုင်ငံ၏ အခြေအနေအရ ကို နှစ်ပါတီစနစ်ကျင့်သုံးလျှင် အဆင်ပြေနိုင်ပြီး ထိုစနစ်မှ ပြောင်းလဲခြင်း မပြုလိုသူများဘက်မှ အကောင်းမြင် သုံးသပ်ချက်များ ဖြစ်သည်ဟု ပြောနိုင်သော်လည်း အမှန်တကယ် ကောင်းကျိုး ဖြစ်စေသည့် သာဓကများလည်း တွေ့ရသည်။ နိုင်ငံတိုင်းတွင် နှစ်ပါတီစနစ်ကိုသာ ကျင့်သုံးရမည်ဟု ကန့်သတ်ချက်မရှိသည် အပေါ်တွင် လိုအပ်ချက် အရဖြစ်စေ၊ အခြားအကြောင်းများကြောင့်ဖြစ် ပါတီစုံစနစ်ကို ကျင့်သုံးသော  နိုင်ငံများအဖို့ သို့မဟုတ် ပါတီစုံစနစ်ကို လိုလားသူများအဖို့ နှစ်ပါတီစနစ်ကို ဝေဖန်စရာများ ပေါ်ထွက်နေမည်သာ ဖြစ်သည်။

ဆက်လက်ဖေါ်ပြသွားပါမည်။
ABSDF မှထုတ်ဝေသော ဒီမိုကရေစီ လေ့လာရေးစာစဉ်မှ ကူးယူဖေါ်ပြပါသည်။

 
Share on facebook
သူလို သတ္တိ ရှိရှိ ရင်ဆိုင်ပါ
You need Flash player 6+ and JavaScript enabled to view this video.
mod_vvisit_counterယနေ့ လည်ပတ်သူဦးရေ196
mod_vvisit_counterမနေ့က လည်ပတ်သူဦးရေ664
mod_vvisit_counterယခုလ လည်ပတ်သူဦးရေ13236
mod_vvisit_counterစုစုပေါင်း533760

We have: 5 guests, 3 bots online
Today: May 24, 2013