ကိုယ်ရေး ရာဇ၀င် အကျဉ်း
ရဲဘော် ဖိုးသံချောင်း (ခ) ရဲဘော် အောင်ထက်ကို ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ မန္တလေးမြို့ တွင် မွေးဖွားခဲ့သည်။ မန္တလေး စိန့်ဂျိုးဖက်ကွန်ဗင့်တွင် သူငယ်တန်း၊ စိန်ပီတာကျောင်းတွင် ၁ တန်းမှ တက္ကသိုလ် ၀င်အထိ သင်ကြားခဲ့ပြီး ၁၉၆၀ ခုနှစ်တွင် မန္တလေး တက္ကသိုလ်ကို ရောက်ခဲ့သည်။ ၁၉၆၃ ခုနှစ် ဘီအက်စီ ပထမတန်းတက်နေစဉ် ကျောင်းသားလှုပ်ရှားမှုကြောင့် ကျောင်းထုပ်ခံရသည်။ မန္တလေးခရိုင် ဗကသ အတွင်းရေးမှူး၊ မန္တလေး တက္ကသိုလ် ကျောင်းသား ညီညွတ်ရေးတပ်ဦး တွဲဘက်အထွေထွေ အတွင်းရေးမှူး တာဝန်များယူခဲ့သည်။ ၁၉၆၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် မြေအာက်ကျောင်းသားလှုပ်ရှားမှုကြောင့် အဖမ်း ခံခဲ့ရသည်။ ၁၉၆၉ ခုနှစ်တွင် ကိုကိုးကျှန်းသို့ အပို့ခံခဲ့ရပြီး၊ ၁၉၇၂ ခုနှစ်တွင် ထောင်မှ လွတ်သည်။ ၁၉၇၆ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့တွင် ထောက်လှမ်းရေးက နေအိမ်မှ လာဖမ်းစဉ် ထွက်ပြေးကာ ဗမာပြည်ကွန် မြူနစ်ပါတီ၏ အရှေ့မြောက် စစ်ဥနချုပ်သို့ ရောက်ရှိသွားသည်။ ယခုအခါတွင် ဗမာပြည် ကွန်မြူနစ်ပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ တဦးအဖြစ် တာဝန်ယူနေသည်။
လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာက ဖော်ပြလိုက်တဲ့ လက်တွေ့သဘောတား တခု
ဗမာပြည်တပြည်လုံး၊ တကမ္ဘာလုံးကတောင်းဆို မျှော်လင့်နေကြတဲ့ နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးရေး ပြဿနာကို နအဖအမွေခံအရပ်ဝတ်စစ်အစိုးရက ဒီလ၁၆ရက်နေ့မှာအကြောင်းပြန်လိုက်ပါပြီ၊
အချိန်ကဦးသိန်းစိန်အင်ဒိုနီးရှားကပြန်လာကာစ၊ တရုတ်ပြည်ကိုသွားမလို့ အထုပ်အပိုးပြင်နေတဲ့အချိန်။ တိုက်ဆိုင် တာလား။ ချိန်ကိုက်လုပ်တာလား။ စဉ်းစားစရာတွေအများကြီးဖြစ်နေပါတယ်။ အာစီယံဥက္ကဋ္ဌလုပ်ခွင့်အဖြေမထွက်လို့ ပတ်မကြီးကိုထိုးဖောက်ပြတာလား၊ တရုတ်အစိုးရလောက်တော့ ဒါလောက်လုပ်ပြလိုက်ရင် ရပါတယ်လို့တွက်တာလား၊ သေချာတာကတော့ လုံးဝမရိုးသားတာပါပဲ။
တကယ်က ဒီကာလတလျှောက်မှာ ဗမာပြည်ရဲ့ ယုံကြည်ချက်ကြောင့်အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကိုလွှတ်ပေးရေးဆိုတဲ့ တောင်းဆိုချက်တွေ၊ ပြောဆိုသံတွေ ပြည်တွင်းပြည်ပမှာနားလျှံနေအောင်ကြားနေရပါတယ်။ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ကလုပ်တဲ့ လက်မှတ်စုဆောင်းပွဲမှာ လက်မှတ်ထိုးလိုက်တဲ့ ဗမာပြည်က လက်လုပ်လက်စားဆင်း ရဲသားကအစ ကုသမဂ္ဂအတွင်းရေးမှူးရဲ့ကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားအထိ အားလုံးတသံတည်းထွက်၊ တလေထဲ တောင်းဆိုနေကြတဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီလိုအနေအထားမျိုးမှာ အခုလို ထောင်အနှစ်၂၀၀၊ ၆၅နှစ်ကျနေသူကို တနှစ်လျှော့ပေး လိုက်တယ်လို့ဆိုလိုက်တာဟာ အားလုံးကိုစော်ကားလိုက်တာဖြစ်ပါတယ်။ ဗိုလ်သိန်းစိန်တို့ရဲ့အခုလုပ် ရပ်ဟာ အင်္ဂလိပ် စကားထဲက add insult to injury ဆိုတဲ့ “ထိခိုက်အောင်လုပ်ထားသူအပေါ် စော်ကားမှုစွက်လိုက်တယ်” ဆိုတာလိုပဲ အားလုံးကို အစော်ကားကြီးစော်ကားလိုက်တာဖြစ်ပါတယ်။ လှောင်ချိုင့်ထဲမှာထည့်ထားတဲ့ တိရစ္ဆာန်တွေကို စတာ ပြောင်တာဟာအင်မတန်ရိုင်းတယ်ဆိုရင် ထောင်ထဲမှာအနှစ်၂၀၀ထောင်ချခံနေရတဲ့လူကို ဒီလိုသရော်လှောင် ပြောင်တာဟာ ပိုလို့တောင်ရိုင်းပါသေးတယ်။ ဒီအဖြစ်အပျက်က ဦးသိန်းစိန်သမတဖြစ်ပြီဆိုတုန်းက သူ့ကိုပုဂ္ဂိုလ်ရေးအရ ချီးမွမ်းခန်းထုတ်ခဲ့သူများကို သင်ခန်းစာထပ်ပေးတယ်လို့ယူမှတ်ရမှာပါပဲ။
တကယ်ကျတော့ နိုင်ငံတကာကရော သူတို့ကိုပိတ်ဆို့မှုတွေလုပ်နေကြတဲ့ နိုင်ငံတွေကပါ အရပ်ဝတ်စစ်အစိုးရရဲ့ အခုလိုလုပ်ရပ်ကို ကျေနပ်မှာမဟုတ်ဘူးဆိုတာ ဦးသိန်းစိန်တို့ကောင်းကောင်းသိပါတယ်။ အဲဒီလိုသိလျက်နဲ့ ဒီရိုင်းပျ စော်ကားလှတဲ့ထုတ်ပြန်ချက်ကို သမ္မတဦးသိန်းစိန်နာမည်နဲ့ထုတ်ပြန်လိုက်တာဟာ ဒီစစ်ဗိုလ်တွေ ဘာအ၀တ်အစားပဲ ၀တ်ထား၊ ၀တ်ထား၊ သူတို့ရဲ့ အတွင်းသဘောထားဖြစ်တဲ့ ပြည်တွင်းပြည်ပ ဘယ်သူ့ကိုမှဂရုမစိုက်ဘူးဆိုတဲ့ မောက်မာမှု ကို လုံးဝမစွန့်လွှတ်ဘူးဆိုတာကို ဖော်ပြလိုက်တာဖြစ်ပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးရဲ့ ကိုယ်စား လှယ်ဟာ ဗိုလ်သိန်းစိန်တို့နဲ့ဒီကိစ္စကိုပြောပြီး ပြန်သွားလို့ရက်ပိုင်းလေးအတွင်းမှာပဲ လုပ်ချလိုက်တာဖြစ်နေတော့ ဗီဂျေးနမ် ဘီးယားရဲ့ကျောပြင်ကို ဗိုလ်ချုပ်တွေကမေးငေါ့နေတာကိုတောင် မြင်ရသလိုလိုရှိနေပါတယ်။ ဒီတော့ ဒီအစိုးရသစ်ရဲ့ ကောင်းကွက်တွေကို ချစ်တီးခေါင်းသန်းရှာသလိုရှာပြီး ချီးမွမ်းခန်းထုတ်နေတဲ့ပုဂ္ဂိုလ်တွေ အခုတော့ဘာများပြောပါဦးမလဲ လို့တောင် မေးချင်စရာဖြစ်နေပါပြီ်။
နအဖတဖြစ်လဲ အရပ်ဝတ်စစ်အစိုးရရဲ့ဒီလှုပ်ရှားမှုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တနေ့တခြားထောက်ခံသူနဲ့ ထောက်ခံတဲ့အဖွဲ့အစည်းတွေများပြားလာနေတဲ့ လှုပ်ရှားမှုကိုတုန့်ပြန်အဖြေပေးလိုက်တာဖြစ်တယ်ဆိုတာကတော့ ရှင်းနေ ပါတယ်။ တချို့အာဏာရသူတွေဟာ လူထုရဲ့ဆန္ဒကိုတိုက်ရိုက်မရင်ဆိုင်ပဲ ဒီလိုနည်းနဲ့တုန့်ပြန်အဖြေပေးလေ့ရှိပါတယ်။ ဒါဟာ သူတို့ရဲ့မောက်မာမှု၊ မရိုးသားမှုကိုဖော်ပြတာဖြစ်ရုံမက လူထုကြီးကိုမရင်ဆိုင်ရဲကြောင်း၊ အမှန်တရားကိုမရင်ဆိုင် ရဲကြောင်းဖော်ပြတာလည်းဖြစ်ပါတယ်။
တပါတည်းမှာထောက်ပြဖို့လိုတာတခုက ဦးသိန်းစိန်တို့ရဲ့ အရပ်ဝတ်စစ်အစိုးရဟာ နအဖရဲ့ရန်ညှိုးအာဃာတတွေ၊ လုပ်နည်းလုပ်ဟန်တွေကို ပုဒ်မတခုမကျန်ဆက်ခံထားတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါ့အပြင် အကျဉ်းသားတွေကို လွှတ်တာတောင် ကဆုန်လပြည့်နေ့မှာလွှတ်တယ်ဆိုတဲ့ စစ်အုပ်စုတွေရဲ့ယတြာဝါသနာကိုပါ ဆက်ခံထားတာလည်း မှတ်လောက်သားလောက် သတိထားမိပါတယ်။ ဒါကြောင့် စစ်ဗိုလ်ချုပ်တွေဟာ အရပ်ဝတ်ပြောင်းလိုက်တာနဲ့၊ ပါးစပ်က နတ်စကားထွက်လိုက်တာနဲ့ သဏ္ဍာန်ရောအနှစ်သာရပါပြောင်းသွားပြီလို့ ပြောနေသူတွေကို ဒီ“ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ အမိန့်အမှတ် ၂၈/၂၀၁၁”ဆိုတာကို လက်ညှိုးထိုးပြပြီး ဘယ့်နှယ်ရှိစလို့ မေး လိုက်ဖို့ကောင်းပါတယ်။
ဒီအရပ်ဝတ်စစ်အစိုးရဘက်ကကြည့်ရင် ဒီယုံကြည်ချက်ကြောင့်အကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အခုအချိန်မှာလွှတ်ပေးလိုက်တယ်ဆိုတာဟာ ဒီနေ့ဗမာနိုင်ငံပြည်သူတွေနဲ့နိုင်ငံတကာကတောင်းဆိုနေတာကို အလျှော့ ပေးလိုက်ရာကျမယ်၊ အဲဒီလှုပ်ရှားမှုတွေကို အသိအမှတ်ပြုလိုက်ရာကျမယ်၊ နောင်မှာအစဉ်အလာဖြစ်သွားမယ် စသဖြင့် ပူပန်စရာတွေရှိနိုင်ပါတယ်။ ဒါမျိုးကိုသူတို့ရဲ့“လွှတ်တော်”ထဲမှာတင်ပြတယ်ဆိုရင် အသာလေးခေါက်ထားလိုက်လို့ဖြစ် ပါတယ်။ ဒါပေမဲ့ အခုလိုဗမာသိ-ကမ္ဘာသိတင်ပြလာတာကိုတော့ သူတို့အနေနဲ့ မတုန့်ပြန်လို့မရတာနဲ့ တုန့်ပြန်ပြလိုက်တာ ဖြစ်ပါတယ်။
တကယ်တော့ နိုင်ငံရေးအကျဉ်းသားလွှတ်ရေးဟာ ဒီမိုကရေစီအရေးနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့အပြင် အထင်သာ အမြင်သာဆုံး ဖော်ပြချက်တခုလည်းဖြစ်ပါတယ်။ ဒီပြဿနာမှာ ဦးသိန်းစိန်တို့ဟာ အရင်နအဖနဲ့သဘောထားတခုတည်း ဆိုတာကိုကြည့်ရင် ၂၀၁၀ရွေးကောက်ပွဲကြောင့် ဗမာပြည်မှာဘာအပြောင်းအလဲဖြစ်ခဲ့တယ်ဆိုတာ ရှင်းနေပါတယ်။
ဒါ့အပြင် ဒီအရပ်ဝတ်စစ်အစိုးရဟာ နအဖရဲ့မူပေါ်လစီတွေသာမက လုပ်နည်းလုပ်ဟန်တွေကိုပါ အကုန်ဆက်ခံ ထားတာဖြစ်လေတော့ ဗမာပြည်ပြည်သူတွေဘက်က ပြောရရင်လည့်း ကိုယ့်အရေးတော်ပုံရဲ့လက္ခဏာ၊ ကိုယ်တင်ရမယ့် ကြွေးကြော်သံစတာတွေဟာ ဘာမှမပြောင်းလဲသင့်ပါဘူး။ နအဖကိုဆန့်ကျင်တိုက်ပွဲဝင်ခဲ့တုန်းက အလံကိုပဲလွှင့်ထူပြီး အဲဒီအရေးတော်ပုံကိုပဲ ဆက်လက်တိုက်ပွဲဝင်ကြရမှာပါ။
ဓားသွေးနေတဲ့လူဟာ စိတ်ကူးယဉ်နေမိရင် ဓားမထက်ဘူးဖြစ်တတ်ပါတယ်။ မတော်ရင်ကိုယ့်လက်ကိုရှတာတောင် ဖြစ်တတ်ပါတယ်။
ရဲဘော် ဖိုးသံချောင်း
လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာက ဖော်ပြလိုက်တဲ့ လက်တွေ့သဘောတား တခု











