ကျနော်တို့ ဘက်လိုက်ကြတော့မည်
ငုရင်ပြင်ဆိုတာ ကျနော်တို့ချစ်တဲ့ ရဲဘော်တိုက်မောင်းရဲ့ ကဗျာပါ။ ကျနော်တို့ရဲ့ တော်လှန်ရေးဘ၀ စာမျက်နှာကို ပြန်လှန်ကြည့်ရင် ရဲဘော်တိုက်မောင်းဟာ အားကောင်းမောင်းသန် ပါဝင်နေမှာပါ။ ကြာတော့လည်း ကြာခဲ့ပါပြီ။ ဖြစ်တည်နေတဲ့ အာသီသလေး … တခု။ ဒီခေါင်းစဉ်ကလေးနဲ့ စာစောင်လေးတခုဖြစ်ချင်နေခဲ့တာပါ။ ရဲဘော်တိုက်မောင်းကိုလည်း အထိမ်းအမှတ်ပြုရင်း … နောက်ပြီး … လက်ရှိဗမာပြည်သည် ငြိမ်းချမ်းသာယာနေသည့် တိုင်းပြည်မဟုတ်။ ပဋိပက္ခတွေ တလှေတထမ်းကြီးနဲ့ ချွတ်ခြုံကျနေသည်။ လူမျိုးစုံ ပြည်သူလူထုကြီးတရပ်လုံး အစော်ကားခံနေရသည်။ ဗမာပြည်၏ပဋိပက္ခသည် ဘက်အများကြီးတော့မဟုတ်။ ပုတ်သိုးဆွေးမြေ့နေသည့် ခေတ်နောက်ပြန် သက်ဦးစံပိုင် အကြွင်းမဲ့အာဏာကို ထူထောင်နေသည့် ပဒေသရာဇ်စစ်အုပ်စု … စစ်အုပ်စုက ထင်သလိုစော်ကား၊ သတ်ဖြတ်၊ ညှင်းဆဲရက်စက်မှုကို ကြောကော့ခံနေရသည့် အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူလူထုကြီး … ထို ၂ ခု၏ တိုက်ပွဲသည် ဗမာပြည်၏ပဋိပက္ခပင် ဖြစ်သည်။ ထိုပဋိပက္ခတွင် ကြားနေရာမရှိ။ ဘက်တခုခုတွင် ဗမာပြည်သားတိုင်း ရှိနေကြသည်။ ကြားနေတယ်၊ လွတ်လပ်တယ်ဟု တင်ပြလာလျှင်လည်း ထိုလူ၊ ထိုအုပ်စုသည် တိုင်းပြည်ကံကြမ္မာကို အလုံးစုံပစ်ပါယ်ကာ ကိုယ်ကျိုးရှာသူများသာလျှင်ဖြစ်သည်။ ထပ်ပြောပါမည်။ တပြည်လုံး အစော်ကား အဖိနှိပ်ခံနေရချိန်တွင် ကြားနေလွတ်လပ်နေသူများသည် ဗမာပြည်သားမဟုတ်။ ဖောက်ပြန်ယိုယွင်းနေသူများသလျှင်ဖြစ်သည်။ ဗမာပြည်သားမဟုတ်သူများသာလျှင် လေအေးစက်အောက်ထိုင်ကာ ဗမာပြည်အကြောင်း ကော်ဖီနှင့် မြည်းပေလိမ့်မည်။ ငုရင်ပြင်သည် ကြားနေသည့်အယူအဆကို ဆန့်ကျင်သည်။ ငုရင်ပြင်သည် ဘက်မလိုက်သည့်အယူအဆကို ဆန့်ကျင်သည်။ ငုရင်ပြင်သည် မလွတ်လပ်သည့် စာစောင်ဖြစ်သည်။ ငုရင်ပြင်သည် ကြားမနေသည့် စာစောင်ဖြစ်သည်။